မိုးစပါးသစ်ပေါ်ချိန် စိုက်ပျိုးစရိတ်မကာမိလို့ တောင်သူတွေ အရှုံးပေါ်

အရှုံးပေါ်နေတဲ့တောင်သူတွေ လယ်ယာလုပ်ငန်း ဆက်လုပ်နိုင်ဖို့ ဘဏ်ချေးငွေအပြင် ပြင်ပအကြွေးတွေကိုပါ အားကိုးနေရ။

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာ မိုးစပါးသစ်တွေ ရိတ်သိမ်းနေကြပေမဲ့ စပါးရောင်းရငွေက စိုက်ပျိုးစရိတ်ကို မကာမိတာကြောင့် တောင်သူတွေ အရှုံးပေါ်နေကြပါတယ်။

လက်ရှိကုန်ဈေးနှုန်းတွေအရ ထွန်ယက်ခ၊ မျိုးစပါးဖိုး၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ရိတ်သိမ်းခနဲ့ အလုပ်သမားခတွေပေါင်းရင် လယ်တစ်ဧကကို ကုန်ကျစရိတ် ၁၂ သိန်းဝန်းကျင်ရှိပါတယ်။

RFA က မေးမြန်းခဲ့တဲ့ တောင်သူတွေရဲ့ စပါးခင်းတွေမှာ တစ်ဧကကို စပါးတင်း ၅၀ ကနေ ၇၀ ကြား ထွက်ပါတယ်။

လက်ရှိ စပါးတင်းတစ်ရာကို ကျပ် ၁၆ သိန်းခွဲဈေးရှိတာကြောင့် တစ်ဧက စပါးတင်း ၅၀ ထွက်ရင် ရောင်းရငွေ ကျပ် ၈ သိန်း ၂ သောင်းခွဲသာ ရပြီးတော့ တင်း ၇၀ ထွက်ရင်တော့ ကျပ် ၁၁ သိန်းခွဲဝန်းကျင် ရရှိပါတယ်။

မိုးစပါးသစ်ပေါ်ချိန် စိုက်ပျိုးစရိတ်မကာမိလို့ တောင်သူတွေ အရှုံးပေါ်
မိုးစပါးသစ်ပေါ်ချိန် စိုက်ပျိုးစရိတ်မကာမိလို့ တောင်သူတွေ အရှုံးပေါ် စပါးတစ်ဧက ရောင်းရငွေနှင့် စိုက်ပျိုးစရိတ် ကွာဟချက် (RFA)

တစ်ဧကအတွက် စိုက်ပျိုးစရိတ် ကျပ် ၁၂ သိန်းနဲ့ နှိုင်းယှဉ်ရင် တင်း ၇၀ ထွက်တဲ့ တောင်သူက ကျပ် ၄ သောင်းခွဲ ရှုံးပြီး တင်း ၅၀ ထွက်တဲ့ တောင်သူကတော့ ကျပ် ၃ သိန်း ၇ သောင်းခွဲအထိ အရှုံးပေါ်နေတာပါ။

စိုက်ပျိုးစရိတ်တွေ မြင့်တက်နေတာကြောင့် အခက်အခဲကြုံနေရတယ်လို့ ဟင်္သာတမြို့နယ် ဘုရားကုန်းရွာက တောင်သူ ဦးမောင်မောင်ကြည်က ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာတော့ ဈေးနှုန်းက ဖြစ်သလိုရောင်းရတာကိုး။ ဖြစ်သလိုရောင်းရတဲ့အတွက် ကျွန်တော်တို့တွေမှာ မကိုက်နိုင်ဘူး။ ပေါင်းသတ်ဆေး၊ ဈေးနှုန်းတွေ၊ ခုနက အစာ (မြေဩဇာ) ဈေးနှုန်းတွေ ဒါတွေက မြင့်တက်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ တောင်သူတွေမှာ ခက်ခဲနေတာတော့ အမှန်တကယ်ဖြစ်တယ်”

စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့်လည်း စပါးရိတ်သိမ်းခဟာ တစ်ဧကကို ကျပ် ၁ သိန်း ၇ သောင်းအထိ ရှိနေပါတယ်။

စက်သုံးဆီဈေးတွေ တက်လာပေမဲ့ တောင်သူတွေရဲ့ စပါးဈေးကတော့ မတက်ဘူးလို့ ဟင်္သာတမြို့နယ် ဇရပ်ကွင်းရွာက စပါးရိတ်ခြွေစက်မောင်းတဲ့ ကိုချစ်လင်းသူက ပြောပါတယ်။

“မရိတ်ခင် ဒီရိတ်ကွင်းတွေ မစခင်ကတော့ ဆီဈေးက ခြောက်သိန်း၊ ခုနစ်သိန်းကနေပြီးတော့ အခုလက်ရှိပေါက်ဈေးက တစ်ဆယ့်ငါးသိန်းနှစ်သောင်းဆိုတော့ ဆီဈေးက မတန်တဆ တက်သွားတယ်။ ဆန်ဈေးကလည်း မဆမတန် တက်နေတာပဲ။ ကျွန်တော်တို့ ဒီဘက် တောင်သူလယ်သမားဘက်က ထွက်တဲ့ထွက်ကုန်ကတော့ ဘာမှဈေးမရှိဘူး။”

စပါးဈေးကောင်းမရလို့ တောင်သူတွေ အရှုံးပေါ်နေကြပေမဲ့ ဆန်ဈေးကတော့ မြင့်တက်နေပါတယ်။ အောက်တိုဘာလဆန်းပိုင်းမှာ ဆင်းသွယ်ဆန်ကြမ်း ၂၄ ပြည်ပါတဲ့တစ်အိတ်ကို ကျပ် တစ်သိန်းနှစ်သောင်းဝန်းကျင် ဈေးရှိပါတယ်။

တောင်သူတွေ ပြောပြချက်အရ စပါးဆယ်တင်းကို ဆန် သုံးအိတ်လောက် ထွက်ပါတယ်။ ဒါပေမဲ့ အဲဒီစပါးဆယ်တင်းကို ရောင်းတဲ့ တောင်သူတွေကတော့ ကျပ် တစ်သိန်းခြောက်သောင်းခွဲသာ ရပါတယ်။

မိုးစပါးသစ်ပေါ်ချိန် စိုက်ပျိုးစရိတ်မကာမိလို့ တောင်သူတွေ အရှုံးပေါ်
မိုးစပါးသစ်ပေါ်ချိန် စိုက်ပျိုးစရိတ်မကာမိလို့ တောင်သူတွေ အရှုံးပေါ် ရိတ်သိမ်းပြီး စပါးအိတ်များကို ကုန်တင်ကားပေါ် တင်ဆောင်နေသည်ကို တွေ့ရစဉ်။ (RFA)

စပါးဆယ်တင်းကို ကျပ် နှစ်သိန်းအထိ ဈေးရရင်တောင် တစ်ဧက စပါးတင်း ၅၀ ထွက်တဲ့ တောင်သူတွေအတွက် စိုက်ပျိုးစရိတ် မကာမိနိုင်ဘူးလို့ ဟင်္သာတမြို့နယ် မာဃရွာက တောင်သူ ဦးဝင်းမြင့်က RFA ကို ပြောပါတယ်။

“အခု သူတို့ရောင်းတော့ ဆန်တစ်အိတ်ကို တစ်သိန်းနှစ်သောင်းလေ။ စပါးဈေးက တစ်သိန်းခြောက်သောင်းခွဲဆိုတော့ လယ်သမားတွေက အဆမတန်နစ်နာနေတာ။ နှစ်ဆယ်ရမှ တို့တွေက စပါးငါးဆယ် (တစ်ဧက စပါးငါးဆယ်) ထွက်တော့ ဆယ်သိန်းပဲ ရှိသေးတယ်။ အဲဒါတောင် တို့က နှစ်သိန်းနဲ့ အတိုးနဲ့ ရှုံးသေးတယ်”

ဒီလို အရှုံးပေါ်နေပေမဲ့ လယ်ယာလုပ်ငန်း ဆက်လုပ်နိုင်ဖို့ တောင်သူတွေက ဘဏ်ချေးငွေအပြင် ပြင်ပအကြွေးတွေကိုပါ အားကိုးနေရပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တစ်ဧကကို ကျပ်သုံးသိန်း ချေးပေးပေမဲ့ စိုက်ပျိုးစရိတ်အတွက် မလုံလောက်တာကြောင့် စပါးကြိုတင်ရောင်းချတာအပြင် အတိုးနဲ့ ငွေချေးယူနေရတယ်လို့ တောင်သူ ဦးဝင်းမြင့်က ပြောပါတယ်။

“ဒီနှစ်က သုံးသိန်းနဲ့သွားတယ်။ ကျွန်တော်တို့က ၁၂ သိန်း (တစ်ဧက သွင်းအားစုစရိတ်) ကုန်တယ်။ ကျန်တဲ့ ကိုးသိန်း ဘယ်မှာရှာမလဲ။ အဲဒီတော့ စပါးကို ကြိုတင်ပြီးတော့ ရောင်းရတယ် ကုန်သည်တွေကို။ ရောင်းတဲ့အခါ ဥပမာ ၁၅ သိန်းပေါက်ရင် ၁၀ သိန်းလောက်ပဲရတယ် ကြိုရောင်းတဲ့အတွက်။ အဲဒီမှာလည်း အများကြီးနစ်နာတယ်။ ငွေတိုးနဲ့ ရှာပြန်ပြီဆိုတော့လည်း ငါးကျပ်ကနေ တစ်ဆယ်အပေါ်ထိရှိတယ်”

ဒီအတိုင်း ဆက်ပြီး အရှုံးပေါ်နေမယ်ဆိုရင် အကြွေးနွံနစ်ပြီး လယ်ယာလုပ်ငန်းကိုပါ စွန့်လွှတ်ရတဲ့အထိ ဖြစ်လာမှာကို စပါးစိုက်တောင်သူတွေ စိုးရိမ်နေကြပါတယ်။