ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် စစ်တပ်ခန့်အစိုးရကခန့်အပ်ချင်တဲ့ ကိုယ်စားလှယ်ကို အသိအမှတ်မပြုပဲ၊ လက်ရှိကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုပဲ ဆက်ပြီးထောက်ခံဖို့ မြန်မာ့အရေးဆိုင်ရာ အမေရိကန်လွှတ်တော်အမတ်များကော်မတီ (Congressional Burma Caucus) ရဲ့ ပူးတွဲ ဥက္ကဋ္ဌတွေ အပါအဝင် အမေရိကန်လွှတ်တော်အမတ် ၆ ယောက်က ကုလသမဂ္ဂရဲ့ အမေရိကန်ဆိုင်ရာကိုယ်စားလှယ် မိုက် ဝေါ့ဇ်ကို တိုက်တွန်းတဲ့စာကို အောက်တိုဘာလ ၁၄ ရက် နေ့စွဲနဲ့ပေးပို့လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်ကတည်းက ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တာဝန်ခံမှုတွေ ရှိဖို့အတွက် အမေရိကန်ပြည်ထောင်စုက နှစ်နဲ့ချီပြီးပံ့ပိုးခဲ့တယ်လို့ စာထဲမှာဖော်ပြထားပါတယ်။ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံကပြည်တွင်းစစ်ကာလတလျှောက်မှာလည်း လက်ရှိကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကို ခန့်အပ်လွှာစိစစ်ရးကော်မတီရဲ့ ထောက်ခံချက်နဲ့ ဆက်ထားပေးခဲ့ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေ၊ အရပ်သားတွေကို အကာအကွယ်ပေးရေးတွေ၊ အန္တရာယ်ကြိုတင်တားဆီးရေးတွေနဲ့ပတ်သက်လို့ ဒီမိုကရေစီဘက်တော်သား မြန်မာကိုယ်စားလှယ်က ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
မြန်မာစစ်အာဏာပိုင်တွေရဲ့ကိုယ်စားလှယ်ကိုခန့်အပ်မယ်ဆိုရင် သံအမတ်ကြီး မိုက် ဝေါ့ဇ် သိထားတဲ့အတိုင်း အဲဒီကိုယ်စားလှယ်က အီရန်တို့ တရုတ်တို့ရဲ့ကိုယ်စားလှယ်တွေနည်းတူ နိုင်ငံတကာကို သတင်းမှားတွေပဲ ပေးလိမ့်မယ်လို့လည်း စာထဲမှာထောက်ပြထားပါတယ်။ မြန်မာစစ်အာဏာပိုင်တွေဟာ သံတမန်ရေးအရအကာ အကွယ်ရရေး၊ စစ်ဖက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးအကူအညီရရေး၊ ကိုယ့်ပြည်သူကိုယ် ဗုံးကြဲ နိုင်မယ့် လေယာဥ်ဆီရရေးတွေအတွက်ပဲမှီခိုဖို့ ကြိုးစားနေတာလို့လည်းရေးသားထားပါတယ်။
မြန်မာနိုင်ငံက ရွေးကောက်ပွဲအတုဟာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တရားဝင်မဖြစ်စေရဘူးလို့ ကော်မတီ ပူးတွဲဥက္ကဋ္ဌ မစ္စတာ ဘေလ် ဟိုင်ဇင်ဂါ က သူ့ရဲ့တွစ်တာလူမှုကွန်ယက်မှာရေးလိုက်ပါတယ်။ လက်ရှိအသိအမှတ် ပြုထားတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်နဲ့ပတ်သက်လို့ ဘယ်လိုအပြောင်းအလဲမှလည်း မြန်မာပြည်သူတွေရဲ့ဆန္ဒကို ထင်ဟတ်စေမှာမဟုတ်သလို၊ ကိုယ်စားလှယ်အပြောင်းအလဲလုပ်မယ်ဆိုရင်လည်း ရလာဒ်က အမေရိကန်အကျိုးစီးပွားကို အန္တရာယ်ဖြစ်စေလိမ့်မယ်လို့ မစ္စတာ ဟိုင်ဇင်ဂါ ကပြောပါတယ်။ ဒါကြောင့် မြန်မာစစ်အာဏာပိုင်တွေခန့်အပ်မယ့်ကိုယ်စားလှယ်ကို ကန့်ကွက်နိုင်အောင်၊ မြန်မာနဲ့ပတ်သက်လို့ ဆန္ဒသဘောထားတူတဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကြိုတင်ညှိနှိုင်းဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို တိုက်တွန်းပါတယ်လို့လည်း သူကရေးသားလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် မိုက် ဝေါ့ဇ် ဆီပေးပို့တဲ့ စာကို အထက် လွှတ်တော်အမတ်တွေဖြစ်ပြီး မြန်မာ့အရေးဆိုင်ရာအမေရိကန်လွှတ်တော်အမတ်များကော်မတီမှာ ပူးတွဲဥက္ကဋ္ဌတွေအဖြစ်တာဝန်ယူထားတဲ့ ဘေလ် ဟိုင်ဇင်ဂါ နဲ့ ဘက်တီ မက်ကောလန်း တို့နဲ့အတူ ဂျက်ဖာဆန် ရှရိဖ်၊ ဂရက်ဂေါ်ရီ မိခ်၊ ယန်း ခင်မ်၊ အမီ ဘယ်ရာ တို့လက်မှတ်ထိုးထားပါတယ်။
အခု ၂၀၂၆ ခုနှစ် ကုလသမဂ္ဂရဲ့ နိုင်ငံများဆိုင်ရာကိုယ်စားလှယ် ခန့်အပ်လွှာစိစစ်ရးကော်မတီမှာပါဝင်တဲ့ ၉ နိုင်ငံ က အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ ဘဟားမား၊ ဘယ်လ်ဂျီယံ၊ ဘီနင်း၊ ဂျမေကာ၊ ယူဂန်ဒါ၊ ဗန်နာဝါတူ တို့ဖြစ်ပါတယ်။
