မြန်မာဘက်က လက်နက်ကြီးကျရောက်မှုကို ကာကွယ်ပေးဖို့ ထိုင်းဒေသခံတွေ ဆန္ဒပြတောင်းဆို

မြန်မာဘက်ခြမ်းက ကျည်တွေ ထပ်ပြီးကျရောက်ပေါက်ကွဲခဲ့ရင် ပစ်ခတ်တဲ့နေရာနဲ့ အဖွဲ့အစည်းကို လက်တုံ့ပြန်သွားမယ်လို့ ထိုင်းစစ်တပ် သတိပေး။

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ထဲက မင်းလက်ပံနဲ့ ဖလူးဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဲ့ကုကင်းရွာက ဒေသခံတွေ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

နယ်စပ်ဖြတ်ကျော်ပြီး ကျည်ကျရောက်လာတာကြောင့် ပျက်စီးဆုံးရှုံးတာတွေအတွက် လျော်ကြေးနဲ့ အကူအညီပေးဖို့၊ အရပ်သားတွေအပေါ် ပစ်ခတ်တာကို တားဆီးပေးဖို့၊ ဗုံးခိုကျင်း၊ ဘန်ကာနဲ့ အရေးပေါ်သတိပေးစနစ်တွေ တည်ဆောက်ပေးဖို့ ထိုင်းအာဏာပိုင်တွေဆီ တောင်းဆိုခဲ့တယ်လို့ ဒီအကြောင်းကိုသိတဲ့ သတင်းအရင်းအမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

“လွန်ခဲ့တဲ့နှစ်လကျော်က လက်နက်ကြီးတွေ ထိုင်းဘက်ကို ကျတုန်းကလည်း ထိုင်းပြည်သူတွေက တောင်းဆိုဖူးတယ်။ ထိုင်းစစ်တပ်ဘက်က ကိုင်တွယ်တာပျော့တယ်ပေါ့။ ထိုင်းနိုင်ငံရေးအရပေါ့။ ပထမတုန်းကတော့ သွားပြီးတောင်းဆိုကြတာ။ အခုတော့ ဆန္ဒပြကြတာ မဲ့ကုကင်းကျေးရွာတဝိုက်က ဒေသခံတွေ ၂၀၀ ဝန်းကျင်လောက်ရှိတယ်”

အဲဒီတောင်းဆိုချက်တွေကို မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ထိုင်းစစ်တပ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ စာတင်ပြခဲ့ကြတယ်လို့ Khaosod English သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာဘက်ခြမ်းက ပစ်ခတ်တဲ့ ၆၀ မမ လက်နက်ကြီးကျည်တစ်လုံးဟာ အောက်တိုဘာ ၂၂ ရက်နေ့က ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် နှစ်လုံးပျက်စီးခဲ့ပါတယ်။

မြန်မာဘက်ခြမ်းက ကျည်တွေ ထပ်ပြီးကျရောက်ပေါက်ကွဲခဲ့ရင် ပစ်ခတ်တဲ့နေရာနဲ့ အဖွဲ့အစည်းကို လက်တုံ့ပြန်သွားမယ်လို့ ထိုင်းစစ်တပ်က အောက်တိုဘာလ ၂၆ ရက်မှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲတွေနဲ့ နီးစပ်တဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားပြီး မြန်မာဘက်ခြမ်းက ကျည်တွေ မကြာခဏကျတာကို ဖြေရှင်းဖို့ အစီအမံတချို့ ချမှတ်ထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီအစီအမံတွေထဲမှာ မြန်မာဘက်ခြမ်းက ကျည်တွေ ထိုင်းနိုင်ငံထဲ ကျရောက်လာရင် ပစ်ခတ်တဲ့နေရာကို မီးခိုးဗုံးနဲ့ အရင်ဆုံး သတိပေးပစ်ခတ်တာ၊ ထိုင်းနိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခဲ့ရင် သင့်တော်သလို ပြန်တုံ့ပြန်တာနဲ့ သောင်ရင်းမြစ်တစ်လျှောက် စစ်အင်အားတိုးမြှင့်ချတာ၊ မြန်မာစစ်တပ်ကို ဆက်သွယ်ပြီး သတိပေးတာတွေအပြင် သံတမန်ရေးနည်းလမ်းကနေလည်း ပျက်စီးဆုံးရှုံးတာတွေအတွက် ကန့်ကွက်စာပေးပို့ပြီး စစ်တပ်ခန့်အစိုးရအနေနဲ့ တာဝန်ယူဖို့ ပြောဆိုသွားမဲ့ အချက်တွေပါဝင်ပါတယ်။

ထိုင်း- မြန်မာနယ်စပ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူတွေဆီ RFA က အောက်တိုဘာလ ၂၇ ရက်နေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ စစ်တပ်အကြား ထိုင်း-မြန်မာနယ်စပ်အပါအဝင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း မြဝတီမြို့တောင်ပိုင်း မင်းလက်ပံဒေသမှာ စစ်တပ်နဲ့ KNU တို့ တိုက်ပွဲဖြစ်ပြီး မြန်မာဘက်ခြမ်းက ၆၀ မမ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးပြီး ဒေသခံတချို့ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအချိန်က လက်နက်ကြီးကျည် ငါးလုံး ထိုင်းဘက်ခြမ်းကို ကျရောက်ခဲ့တဲ့အတွက် ထိုင်းစစ်တပ်က သတိပေးတဲ့အနေနဲ့ ၁၂၀ မမ မီးခိုးအမြောက်ကျည်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။