ပေါက်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရ

ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေကြား တိမ်းရှောင်နေရပြီး သောက်သုံးရေ နဲ့ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေ။

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ငါးရွာနဲ့ စစ်ဘေးရှောင်စခန်းတစ်ခုက ဒေသခံ ၅,၃၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီကယ်ဆယ်နေသူတွေက RFA ကို ပြောပါတယ်။

စစ်တပ်ရဲ့ ဆိပ်ဖြူမြို့ အခြေစိုက် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) က ထွက်လာတဲ့ စစ်ကားအစီး ၂၀ ကျော်နဲ့ အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ အောက်တိုဘာလ ၂၉ ရက်က ပေါက်မြို့နယ် ချက်ကန်ရွာကတဆင့် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ NUG ပေါက်မြို့နယ်ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေကြား တိမ်းရှောင်နေရပြီး သောက်သုံးရေ နဲ့ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဌာန တာဝန်ခံ ကိုပီကေ က RFA ကို ပြောပါတယ်။

“အခု ဒီနေ့မှာဆိုရင် ပေါက်တောင်ပိုင်းမှာ ရှိတဲ့ ကျေးရွာတွေ လတ်တလော ရှောင်နေရတာပေါ့နော်။ လူဦးရေ ငါးထောင် ကျော်လောက်ရှိတယ်။ စစ်ဘေးရှောင်တွေ ရာသီဥတုကလည်း အယ်နီညိုကလည်း ကျရောက်နေတော့ ရာသီဥတုဒဏ်တွေ ခံနေရတာပေါ့။ အခက်အခဲမျိုးစုံ နဲ့ အကူအညီတွေ လိုအပ်နေတယ်ဗျ”

သပြေအေး၊ ချက်ကန်၊ ဝန်လဲရိုးအထက်၊ တယ်ပင်ကန်နဲ့ ပေ ခုနစ်ပင်ရွာတွေအပြင် မှန်ထောင်ကွင်းစစ်ဘေးရှောင်စခန်းက အိမ်ထောင်စု ၁,၀၇၀၊ လူဦးရေ ၅,၃၅၀ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ချက်ကန်ရွာကနေ ပေါက်မြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄) ဆီကို ဦးတည်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေပြောပြချက်အရ ပေါက်မြို့နယ်မြောက်ပိုင်းမှာလည်း စစ်တပ်က ရေနံမှော်နေရာတွေကို ဦးတည်ပြီး စစ်ဆင်ရေးလုပ်နေတာကြောင့် ကန်သစ်ရွာ၊ နသတ်၊ ဆုံကုန်းရွာ၊ ကြက်ဆူအိုင့်ရွာတွေက ဒေသခံ ၃,၁၀၀ ခန့် နေရပ်မပြန်နိုင်သေးဘဲ ရှောင်တိမ်းနေရတာ သုံးလ နီးပါး ရှိနေပြီဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးဆန်းညွန့်အောင် ကို RFA က အောက်တိုဘာလ ၂၉ ရက်မှာ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ကျေးရွာ ၁၅ ရွာက ဒေသခံ နှစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ၁၇ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။ အဖမ်းခံထားရသူတွေ ပြန်လည်လွတ်မြောက်လာခြင်း ရှိ မရှိကိုတော့ မသိရသေးပါဘူး။

မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ လေးသန်းကျော်ရှိနေပြီး လူဦးရေ ၁၆ သန်းကျော်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop) က အောက်တိုဘာလ ၂၇ ရက် နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာ ပြောကြားခဲ့ပါတယ်။