ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖာပွန်မြို့နယ် သော်လဲထစခန်းကို စစ်တပ်က အောက်တိုဘာလ ၃၁ရက် ညနေ ၇ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းက အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ ထိုင်းနိုင်ငံသတင်းဌာနတွေက နိုဝင်ဘာ ၁ ရက်နေ့မှာ ရေးသားဖော်ပြကြပါတယ်။
စစ်တပ်က သံလွင်မြစ်ကမ်းဘေးက သော်လဲထစခန်းကို လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၊ ဆော့မိုးအိမြို့နယ်၊ မဲ့စန်လက် (Mae Sam Laep) ရွာက ဆေးရုံ၊ အုပ်ချုပ်ရေးအဖွဲ့ပိုင် အစည်းအဝေးခန်းမ နဲ့ ခရစ်ယာန်ဘုရားကျောင်းတွေက ပြတင်းပေါက်နဲ့ မျက်နှာကျက်တွေ ပျက်စီးခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod English က နိုဝင်ဘာလ ၁ ရက်နေ့မှာ ဖော်ပြပါတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးချက်တွေအရ နေအိမ်နဲ့ အဆောက်အအုံ ၁၇ လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ သေဆုံးဒဏ်ရာရသူ မရှိဘူးလို့လည်း သိရပါတယ်။
သံလွင်မြစ်ဘေးမှာရှိတဲ့ သော်လဲထစခန်းကို စစ်တပ်ဆီကနေ ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က သိမ်းယူခဲ့တာပါ။
စစ်တပ်က ဆုံးရှုံးထားတဲ့နယ်မြေတွေပြန်ရဖို့ ထိုးစစ်ဆင်နေတာကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်နေတာလို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက RFA ကိုပြောပါတယ်။
“အခုချိန်မှာ မိုးရာသီလည်းကုန်လာပြီဖြစ်တဲ့အပေါ် တိုက်ပွဲပိုပြီးပြင်းထန်လာတာ သေချာတယ်။ ဒါပေမဲ့ ထိုင်းဘက်ခြမ်းကို ကျရောက်တဲ့ မပေါက်ကွဲတဲ့ ကျည်တွေကိုကြည့်ရင် ကျွန်တော်တို့ အမြဲတမ်းပြောနေတဲ့ ခြင်းကြားတပ်က ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ရတဲ့အကြောင်းအရင်းကတော့ သူတို့ရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေတယ်လို့ ကျွန်တော်တို့ဘက်ကို အလင်းဝင်လာတဲ့ အရာရှိတွေက ပြောတယ်။ ကျွန်တော်တို့အတွက်တော့ တစ်နိုင်ငံလုံးကို စစ်ဖိနပ်အောက်ရောက်အောင် လုပ်နေတဲ့ စစ်အာဏာရှင်ကို ချုပ်ငြိမ်းဖို့အတွက် တိုက်နေရတာဖြစ်တယ်”
KNU ကတော့ နယ်စပ်ဒေသမှာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ထိုင်းနိုင်ငံရဲ့ လုံခြုံရေးနဲ့ ဥပဒေတွေကို မချိုးဖောက်မိအောင် တပ်မှူးတွေကတစ်ဆင့် ညွှန်ကြားထားတယ်လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။ ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်က အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာနဲ့ပတ်သက်လို့ စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
မြဝတီမြို့နယ်အဆင့် မြန်မာ-ထိုင်း နယ်ခြားကော်မတီက ဩဂုတ်လ ၃၁ ရက်နေ့စွဲနဲ့ ထိုင်းနယ်စပ်အာဏာပိုင်တွေဆီ ပေးပို့ခဲ့တဲ့ ကန့်ကွက်စာမှာ KNU နဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေကြား ကုန်သွယ်မှုတွေဟာ မြန်မာဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ စစ်တပ်ဘက်က စွပ်စွဲထားကြောင်း KNU စစ်ဘက်ဆိုင်ရာ ပြန်ကြားရေးပြောခွင့်ရသူကို ကိုးကားပြီး ထိုင်းသတင်းဌာန Khaosod English က နိုဝင်ဘာလ ၁ ရက်နေ့မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် KNU ထိန်းချုပ်ထားတဲ့ သော်လဲထစခန်းကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တာကို ရပ်တန့်ဖို့နဲ့ ဆက်လုပ်ရင် လေကြောင်းသုံးတိုက်ခိုက်သွားမယ်လို့လည်း အဲဒီစာမှာ သတိပေးထားကြောင်း ဖော်ပြပါတယ်။
စစ်တပ်ဟာ မြ၀တီမြို့နယ်တောင်ပိုင်း ထိုင်း- မြန်မာနယ်စပ်က မင်းလက်ပံနဲ့ ဖလူးဒေသတွေကိုလည်း ဇူလိုင်လကတည်းက စစ်ဆင်ရေးတွေဖော်ဆောင်နေတဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေပါတယ်။
အဲဒီတိုက်ပွဲတွေက လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဲ့ကုကင်း (Mae Kon Ken) ရွာဘက်ခြမ်းကို အောက်တိုဘာလကုန်ပိုင်းက ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးပြီး အရပ်သားတချို့ ဒဏ်ရာရခဲ့ပါတယ်။
မဲ့ကုကင်းရွာနဲ့ အနီးဝန်းကျင်က ဒေသခံ ၂၀၀ ကျော်ဟာ အဲဒီပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးနဲ့ အကူအညီပေးဖို့၊ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေကို တားဆီးပေးဖို့နဲ့ ဗုံးခိုကျင်း၊ ဘန်ကာ၊ အရေးပေါ်သတိပေးစနစ်တွေ တည်ဆောက်ပေးဖို့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေဆီ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
