ပင်လုံညီလာခံ ရက်ရွှေ့မယ်လို့ ပြော


2017.03.03
zawhtay-press-620.jpg ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN အဖွဲ့တို့ ရန်ကုန်မြို့ NRPC ရုံးမှာ မတ်လ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းစဉ်
Photo: Thiha Tun/RFA

ဒီမတ်လအတွင်း ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ ရက်သတ်မှတ်နိုင်ဖို့ ညှိနှိုင်းရဦးမှာဖြစ်တဲ့အတွက် မတ်လအတွင်းကျင်းပဖို့ ဖြစ်နိုင်ခြေ နည်းသွားပြီလို့ နိုင်ငံတော်သမ္မတရုံး (ယာယီ)ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ UNFCရဲ့ နိုင်ငံရေးဆိုင်ရာ ညှိုနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ရဲ့ ဆွေးနွေး ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပါတယ်။

ငြိမ်းချမ်းဖြစ်စဉ်မှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေ ပါဝင်နိုင်ရေး နှစ်ဖက်ကြိုးပမ်းသွားဖို့နဲ့ ဒုတိယ အကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံ တက်ရာက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

UNFC အဖွဲ့ဘက်က အချက် ၉ ချက်ကို တောင်းဆိုထားတာဖြစ်ပြီး အဲဒီအထဲမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ် စဲရေးကြေညာပေးဖို့ အစိုးရနဲ့ တပ်မတော်က အားလုံးသဘောတူပြီးတဲ့အခါ ၂၄ နာရီအတွင်း ကြေညာဖို့နဲ့ UNFC ဘက်က ၄၈ နာရီအတွင်း ကြေညာဖို့၊ ၂၁ရာစု ပင်လုံညီလာခံမှ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပံုံ အခြေခံဥပဒေအပါအဝင် ဥပဒေတွေကို ပြင်ဆင်သွားဖို့စတဲ့ နိုင်ငံရေး စစ်ရေးအရ တောင်းဆိုချက်တွေ ပါရှိပါတယ်။ UNFC ဖက်က တောင်းဆိုထားတဲ့အချက် ၉ ချက်မှာ ဘယ်လိုအချက်တွေကို ဆွေးနွေးသလဲဆိုတာ မသိရှိရသေးပါဘူး။

ကရင်အမျိုးသား အစည်းအရုံး KNU က ပြုလုပ်မယ့် ကွန်ဂရက်ကလည်း ဒီမတ်လ အလယ်လောက်မှာ ကျင်းပဖို့ရှိနေတဲ့အတွက် ၂၁ ရာစုပင်လုံညီလာခံကျင်းပဖို့ ရက်ထပ်မံညှိနှိုင်းရဦးမယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံး ယာယီညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က UWSP ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီကို အစိုးရက တွေ့ဆုံ ဆွေးနွေးဖို့ အရင်ကတည်းက ကမ်းလှမ်းထားတာဖြစ်ပြီး လက်ရှိ ၀ အဖွဲ့က ဦးဆောင်ဖွဲ့စည်း ထားတဲ့ နိုင်ငံရေး ဆွေးနွေးရေးကော်မတီဘက်ကတော့ အစိုးရ နဲ့ ဆွေးနွေးဖို့ ဆက်သွယ်တာ မရှိသေးဘူး လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။