စစ်အာဏာရှင် ဆန့်ကျင်ရေး နှစ်ငါးလုံးလူထု လှုပ်ရှားမှု

ရဲစည်သူကာ(ဝါရှင်တန် ဒီစီ)
2021-02-22
Share

ဒီနေ့ကျရောက်တဲ့ ၂၂ ရက် ၂ လ ၂၀၂၁ ခုနှစ်ကို နှစ်ငါးလုံးလူထုလှုပ်ရှားမှုအနေနဲ့ နိုင်ငံတဝှမ်း လူပေါင်း သန်းနဲ့ချီပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဖော်ဆောင်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အတွက် လူ ငါးယောက်ထက်ပိုမစုဖို့ စစ်တပ်နဲ့ ရဲက မနေ့ညက ကားတန်းနဲ့ ခြိမ်းခြောက်ကြေညာခဲ့သလို၊ မြို့ထဲနဲ့ဆက်သွယ်ထားတဲ့ တံတားတွေပေါ်မှာ ဆယ်ဘီးကားကြီး တွေနဲ့ ပိတ်ခဲ့ပါတယ်။ ဒါပေမဲ့ လူထုက အင်အားနဲ့တွန်းဖယ်ရွှေ့နိုင်ခဲ့ပြီး မြို့ထဲကိုဝင်လာနိုင်တဲ့အတွက် ဆူးလေ၊ မြေနီကုန်းနဲ့ လှည်းတန်းလမ်းဆုံတွေမှာ ဆန္ဒပြသူ သိန်းပေါင်းများစွာရှိခဲ့ပါတယ်။ အရင်ရက်တွေက ဆန္ဒပြသူတွေ သွားရောက်လေ့ရှိတဲ့ အမေရိကန် သံရုံး၊ တရုတ် သံရုံး၊ ရုရှား သံရုံး၊ အင်ဒိုနီးရှား သံရုံးနဲ့ ကုလသမဂ္ဂရုံးရှေ့ကို သွားတဲ့လမ်းတွေကို ရဲတပ်ဖွဲ့က ဒီနေ့မနက် အစောပိုင်းထဲက ပိတ်ထားပါတယ်။

ဒ့ါအပြင် ရွှေဂုံတိုင်ဘက်ကနေ ဆူးလေဘက်ကိုသွားတဲ့လမ်းက ဦးထောင်ဘိုအဝိုင်းကိုလည်း နေ့လယ် ၁၂ နာရီ ဝန်းကျင်ကစပြီး နေ့လယ် ၂ နာရီအထိ ရဲတပ်ဖွဲ့က ပိတ်ခဲ့ပါတယ်။ တယ်လီဖုန်း အင်တာနက်ကိုလည်း ရန်ကုန်မြို့က ဆန္ဒပြသူတွေ အများအပြားရှိတဲ့ နေရာတွေမှာ နေ့လယ်ပိုင်းအထိ ဖြတ်ထားပါတယ်။ နှစ်ငါးလုံး လူထုလှုပ်ရှားမှုအနေနဲ့ ဈေးဆိုင်တွေပိတ်ဖို့ လူထုကြား နှိုးဆော်ထားတာရှိတဲ့အတွက် ဆိုင်အများစု ပိတ်ထားတာကို တွေ့ရပါတယ်။

စနေနေ့က ပစ်ခတ်နှိမ်နင်းလို့ လူ နှစ်ယောက်သေဆုံးခဲ့ရတဲ့ မန္တလေးမြို့မှာလည်း ဒီနေ့ နှစ်ငါးလုံးလှုပ်ရှားမှု အတွက် ဆန္ဒပြသူ သန်းချီရှိနိုင်တယ်လို့ ပြောကြပါတယ်။ မန္တလေးမြို့တွင်းက လမ်းတွေပေါ်မှာ ဆန္ဒပြသူ တွေနဲ့ ပြည့်နှက်ခဲ့တဲ့အပြင် အတွင်းလမ်းတွေအထိပါ ဝင်ရောက်ဆန္ဒပြကြတာကို တွေ့ရပါတယ်။

ရဲတပ်ဖွဲ့နဲ့ တပ်မတော် လုံခြုံရေးအဖွဲ့တွေကတော့ လမ်း ၃၀ က တိုင်းတရားလွှတ်တော်ရှေ့နဲ့ ဘူတာကြီး အတွင်းမှာ နေရာယူထားတာကိုတွေ့ရပေမယ့် ဆန္ဒပြသူတွေကို တားဆီးတာတွေ မတွေ့ရပါဘူး။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာလည်း စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူ သိန်းပေါင်းများစွာရှိခဲ့ပါတယ်။ ပုသိမ်မြို့က ဆန္ဒပြသူတွေသွားတဲ့ လမ်းတစ်လျှောက်မှာတော့ ရဲတပ်ဖွဲ့ လုံခြုံရေးတွေကိုပဲ တွေ့ရပြီး စစ်ဆေးမှုတချို့ရှိတာကလွဲပြီး ရှေ့ဆက်မသွားဖို့ တားဆီးခံခဲ့ရတာတော့ မရှိခဲ့ပါဘူး။ အလားတူ ဧရာဝတီတိုင်းအတွင်းက မြို့နယ် အားလုံးနီးပါးမှာ နှစ်ငါးလုံး လူထုတော်လှန်ရေးအနေနဲ့ စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြပွဲတွေ ဒီနေ့လုပ်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့မှာလည်း စစ်အာဏာရှင် အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြသူ ဒီနေ့ သိန်းချီရှိခဲ့ပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာ တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းပါဝင်ခဲ့တာကို တွေ့ရပါတယ်။ လားရှိုးမြို့ မှာ အခုလို ဆန္ဒပြသူ သိန်းချီရှိတာဟာ ရှစ်လေးလုံး အရေးတော်ပုံကာလနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ လားရှိုးမြို့မှာလည်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့ လုံခြုံရေးတွေကို ဒီနေ့ သိပ်မတွေ့ရပါဘူး။ လားရှိုးမြို့က ဈေးဆိုင်အများစုလည်း ဒီနေ့ပိတ်ထားတာကိုတွေ့ရပါတယ်။ အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) က တခြားမြို့နယ်တွေမှာလည်း စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြပွဲတွေ ဒီနေ့မှာလုပ်ခဲ့ရာမှာ ဒေသခံတွေ အများအပြားပါဝင်တာကို တွေ့ရပါတယ်။

မကွေးတိုင်းအတွင်းက မြို့နယ်တွေမှာလည်း ဒေသခံတွေက အထွေထွေသပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။ မြိုင်မြို့၊ ဆင်ဖြူကျွန်းမှာ ဆန္ဒပြသူ တစ်သိန်းကျော်ရှိပြီး စေတုတ္တရာမြို့က ဆန္ဒပြပွဲမှာ ချင်းတိုင်းရင်းသား တွေလည်း ပါဝင်ခဲ့ပါတယ်။

ပွင့်ဖြူမြို့က ဆန္ဒပြသူတစ်ဦးက

“တစ်နိုင်ငံလုံးမှာရှိတဲ့မြို့အသီးသီးမှာ လမ်းမပေါ်မှာလူတွေ သိန်းချီကြီးတော့ လူတွေ ခုလိုစစ်အာဏာရှင် ကို ဆန့်ကျင်တာကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီက စွပ်စွဲတဲ့ မဲမသမာမှုဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုတာ နိုင်ငံတကာ ကျနော်တို့ သိဖို့လိုအပ်တယ်၊ ဒါလေးကို ကျနော် ပြောချင်ပါတယ်။ အာဏာသိမ်းတဲ့ ကျနော်တို့ သမိုင်းတစ်လျှောက်ကြည့်လိုက်ရင် ကျနော်တို့ကတော့ အဲဒီလုပ်ရပ်တွေကို တောက်လျှောက် ဖိနှိပ်လုပ်နေမှာကို ကျနော်တို့က သိပြီးသား။ ဒါပေမဲ့ ကျနော်တို့ ပြည်သူတွေဘက်က အဲဒီအတွေ့အကြုံ တွေ ကျနော်တို့ရှေ့က ဖြစ်ခဲ့တဲ့အတွ့အကြုံတွေကို ကောင်းကောင်းသင်ခန်းစာယူပြီးတော့ ငြိမ်းချမ်းစွာ ကျနော်တို့ ဆန္ဒထုတ်ဖာ်တာကို တွေ့ရတယ်ဗျ”လို့ ပြောပါတယ်။

မကွေးတိုင်း၊ မကွေးမြို့ပေါ်မှာလည်း ဒေသခံတွေ သိန်းပေါင်းများစွာက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ နှစ်ငါးလုံး လူထုချီတက်ပွဲ လုပ်ခဲ့ပါတယ်။ ဈေးဆိုင်တွေ၊ အလုပ်ရုံတွေ၊ စူပါမားကက်၊ ရှော့ပင်းမော၊ အခြေခံ စားသောက်ဆိုင်တွေကအစ ပိတ်ထားပြီး မိသားစုအလိုက် ပါဝင်ကြတာကို တွေ့ရပါတယ်။ CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေ၊ ပညာရေး၊ ကျန်းမာရေး၊ ဆည်မြောင်း၊ ရေအရင်းအမြစ်၊ အင်ဂျင်နီယာအဖွဲ့တွေ၊ ဆရာတော် သံဃာတော်တွေနဲ့ တောင်သူလယ်သမားတွေပါ ဆန္ဒပြခဲ့ကြပြီး အများစုက လူငယ်တွေဖြစ်ပါတယ်။

မကွေးမြို့အဓိကလမ်းတွေကို လုံခြုံရေးတင်းကျပ်ထားပြီး ဖြတ်သန်းသွားလာတာတွေကို ရဲတပ်ဖွဲ့က တားမြစ်ထားပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာလည်း နှစ်ငါးလုံး လူထုအရေးတော်ပုံမှာ ပါဝင် ဆန္ဒပြသူတွေ သိန်းချီရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ စစ်အာဏာရှင် အလိုမရှိကြောင်းအပြင် ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေး စတဲ့အချက်တွေကို ကြွေးကြော်ခဲ့ကြပါတယ်။ ဘားအံမြို့က သပိတ်စစ်ကြောင်း မှာ ပညာရေး၊ ကျန်းမာရေး၊ အင်ဂျင်နီယာတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဒေသခံတွေကို အများစုတွေ့ ရပါတယ်။ ဘားအံမြို့မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေကို လုံးဝမတွေ့ရပါဘူး။

ရှေးဟောင်းပုဂံမြို့မှာလည်း အနီးတဝိုက်ရွာတွေကပါ ဒီနေ့လှုပ်ရှားမှုမှ ပါလာတဲ့အတွက် ဆန္ဒပြပြည်သူ ပေါင်း တစ်သိန်းကျော်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မှာလည်း နှစ်ငါးလုံး လူထုအရေးတော်ပုံမှာ ပါဝင်ဆန္ဒပြသူ တစ်သိန်းဝန်းကျင်ရှိပါတယ်။ စစ်အာဏာသိမ်းမှု မြစ်ကြီးနားမြို့က ကန့်ကွက်ဆန္ဒပြပွဲမှာ ဒီနေ့ဆန္ဒပြပွဲဟာ အင်အားအများဆုံးနေ့ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ က လမ်းလျှောက်ဆန္ဒပြပွဲတစ်လျှောက်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့လုံခြုံရေးတွေကို လုံးဝမတွေ့ရပါဘူး။ မြစ်ကြီးနားမြို့မှာလည်း ဈေးတွေအားလုံးကို ဒီနေ့ပိတ်ထားပါတယ်။ ကချင်ပြည်နယ်အတွင်းက မြို့နယ် အားလုံးနီးပါးမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဒီနေ့မှာ ရှိနေပါတယ်။

ချင်းပြည်နယ် (မြောက်ပိုင်း)၊ တီးတိန်မြို့နယ်၊ ကမ်းဟောက်အားကစားကွင်းမှာလည်း ခရစ်ယာန်ဘာသာ ဂိုဏ်ပေါင်းစုံက စစ်အာဏာရှင် ကျဆုံးရေးအတွက် ဆုတောင်းပွဲကို ဒီနေ့ လုပ်ခဲ့ပါတယ်။ ဒီဆုတောင်းပွဲမှာ လူဦးရေ ၁၅၀၀ ကျော်ပါဝင်ခဲ့ပါတယ်။

တီးတိန်မြို့က ဈေး‌တွေနဲ့ဆိုင်တွေအားလုံး ပိတ်ထားပြီ နှစ်ငါးလုံးအရေးတော်ပုံမှာ ပူးပေါင်းပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အလားတူ ပလက်ဝမြို့နယ်ကလွဲပြီး ချင်းပြည်နယ်အတွင်းက မြို့နယ်တွေအားလုံးမှာ နှစ်ငါးလုံးအရေးတော်ပုံ ဆန္ဒပြခဲ့ကြပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာလည်း စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြသူတွေ သိန်းချီရှိပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့လုံခြုံရေးတွေကတော့ ကမ်းနားလမ်းမှာနေရာယူထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေကို တာဆီးတာတော့ မတွေ့ရပါဘူး။ နှစ်ငါးလုံး လူထုတောလှန်ရေးအနေနဲ့ မွန်ပြည်နယ်အတွင်းက မြို့နယ်အား လုံးနီးပါးမှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲတွေ ဒီနေ့ကျင်းပရာမှာ ဒေသခံတွေ အများအပြားပါဝင်ခဲ့တာကို တွေ့ရပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာလည်း ဆန္ဒပြသူ သိန်းနဲ့ချီရှိခဲ့ပါတယ်။ လွိုင်ကော်မြို့ မြန်မာ့စီးပွားရေး ဘဏ် ဝန်ထမ်းတချို့ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ဒီနေ့ စတင်ပါဝင်လာတာကို တွေ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေထဲက ၇၅ ဦးကတော့ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေပါတယ်။ အစိုးရဌာနဆိုင်ရာ ရုံးတွေရှေ့မှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော် လုံခြုံရေးအဖွဲ့တွေ ချထားပြီး ဆန္ဒပြသူတွေက အဲဒီနေရာတွေကို ရှောင်ပြီးသွားခဲ့ပါတယ်။ လွိုင်ကော်မြို့ တောင်ဈေးမှာ ဟောပြောပွဲကျင်းပဖို့ စီစဉ်ထားတာမှာ လုံခြုံရေး အဖွဲ့တွေက အပြည့်နေရာယူထားတာကြောင့် ကယားပြည်နယ်နေ့ ပွဲတော် ကျင်းပတဲ့နေရာမှာ ပြောင်းရွှေ့ ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့