ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှာ အထောက်အထားမဲ့ ဝင်ရောက်လာတယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ အယောက် ၃၀ ထဲက ၂၁ ယောက်ကို လဝက အက်ဥပဒေနဲ့ ထောင်ဒဏ် နှစ်နှစ် စီချမှတ်လိုက်ပြီး ကျန်တဲ့ ရှစ်ယောက်ကိုတော့ ငှက်အော်စမ်းကိုပို့ဖို့ စီစဉ်နေပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၇ ရက်နေ့က ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ ရေကျော်ကျေးရွာအုပ်စုမှာ ကားတစ်စီးပေါ်ကနေ အထောက်အထားမပြနိုင်တဲ့ အစ္စလာမ်ဘာသာဝင် အယောက် ၃၀ ကို ဖမ်းဆီးခဲ့တာပါ။
ဒီရိုဟင်ဂျာ အယောက် ၃၀ ထဲက အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ၂၁ ယောက်ကို ၁၉၄၉ လဝက ဥပဒေ ၆/၂ အရ ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်လိုက်ပြီး ပုသိမ်အကျဉ်းထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က ငပုတောမြို့နယ်တရားရုံးမှာ အမိန့်ချလိုက်တာနဲ့ပတ်သက်လို့ နိုင်ငံသားအခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုကျော်နေမင်း က ပြောပါတယ်။
“ဆေးစစ်ပြီးတော့မှ ၁၈ နှစ်အောက်က ကိုးယောက်ရှိတယ်လို့ပြောတယ်၊ ၂၁ ယောက်ကို ၁၉၄၉ လဝကအက်နဲ့ပေါ့ ထောင်နှစ်နှစ်စီချပြီး ပုသိမ်ထောင်ကိုပို့လိုက်တယ်၊ နောက်ထပ် ကိုးယောက်ကို သူတို့က ရန်ကုန်နဲ့ မန္တလေးမှာ စခန်းနှစ်ခုရှိတယ် ကျနော်ထင်တယ် ငှက်အော်စမ်းစခန်းကို ပို့မယ်ထင်တယ်”
အသက်မပြည့်သေးတဲ့ လူငယ် ရှစ်ဦးကိုတော့ ငှက်အော်စမ်းလူငယ်ပြုပြင် ထိန်းသိမ်းရေးစခန်းကို ပို့လိုက်တယ်လို့ သူတို့ကို ကူညီပေးနေသူတွေက ပြောပါတယ်။
ဒီဖမ်းဆီးခံရတဲ့ မွတ်စလင်ထဲမှာ အသက်လေးနှစ်အရွယ် ကလေးတစ်ဦး ပါဝင်တာကြောင့် သူ့ကိုတော့ စစ်တွေပြန်ပို့မလား၊ မိခင်နဲ့အတူ ပုသိမ်အကျဉ်းထောင်ပို့မလား၊ ငှက်အော်စမ်းလူငယ် လေ့ကျင့်ရေးစခန်း ပို့မလားဆိုတာကို ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီလူတွေကို ရံုံးချိန်းတစ်ခုတည်းမှာဘဲ အပြီးသတ်အမိန့်ချမှတ်လိုက်တာဖြစ်ပြီး ရှေ့နေတွေ လိုက်ပါဆောင်ရွက်ခွင့်နဲ့ ခုခံချေပခွင့်မရခဲ့ဘူးလို့ ကိုကျော်နေမင်းက ပြောပါတယ်။
ဒီလူတွေဟာ နိုင်ငံသားတွေဖြစ်ပြီး ခုခံချေပခွင့်မရဘဲ အပြစ်ပေးခံလိုက်ရတယ်လို့ ကိုကျော်နေမင်းက ပြောပါတယ်။
“ နယ်ကျော်လာတယ်၊ အထောက်အထားမဲ့တယ်ဆိုတာက သူတို့ကိုစွပ်စွဲမှု၊ သူတို့လည်း ချေပတယ်ဗျ၊ မှားယွင်းတယ်ပေါ့လေ၊ ချက်ချင်းဖမ်းတယ် ရုံးကိုပို့တယ်၊ ရုံးချိန်းတစ်ချိန်းတည်းနဲ့ ထောင်ဒဏ်နှစ်နှစ်စီချတာက တော်တော်ကို တရားစီရင်ရေးစနစ်က အံသြဖို့ကောင်းတယ်ဗျ”
၁၉၄၉ လဝကအက်ဥပဒေ ၆/၂ ဟာ မြန်မာနိုင်ငံအတွင်း နေထိုင်သူတွေ မှတ်ပုံတင်ထားရှိရမှာဖြစ်ပြီး အထောက်အထားမရှိပါက အမြင့်ဆုံးထောင်ဒဏ်နှစ်နှစ်အထိ ချနိုင်တဲ့ဥပဒေပုဒ်မလည်း ဖြစ်ပါတယ်။
သူတို့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ သက်ကယ်ပြင်ကျေးရွာနဲ့ သဲချောင်းကျေးရွာတွေကနေ ရန်ကုန်မြို့ကို သွားရောက်ဖို့ ထွက်လာသူတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါက်တာ စိုးဝင်းကို RFA က ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဒီအစ္စလာမ်ဘာသာဝင်တွေဟာ စစ်တွေမြို့မှာ ၂၀၁၂ ပဋိပက္ခတွေဖြစ်ပြီးနောက်ပိုင်း ဒုက္ခသည်စခန်းမှာပဲ နေထိုင်ခဲ့ရပြီး လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်နဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်ရှာဖွေ စားသောက်ခွင့်တွေ ဆုံးရှုံးနေတာကြောင့် အခုလို ရန်ကုန်နဲ့ မလေးရှားလို နိုင်ငံတွေကို ပွဲစားတွေကနေ သွားလာဖို့ကြိုးစားနေကြတာဖြစ်တယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက ပြောကြပါတယ်။။
ဒီလိုအခြေအနေတွေဟာ ၁၉၈၂ နိုင်ငံသားဥပဒေကြောင့်လို့ ဝေဖန်နေကြသလို ကိုဖီအာနန်ကော်မရှင် အကြံပြုချက်မှာလည်း ခေတ်မမီတော့တဲ့ ဒီဥပဒေကိုပြင်ဆင်ဖို့ အကြံပေးထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဒီဥပဒေကိုပြင်ဖို့ အခြေအနေရှိပေမယ့် ပြင်ဖို့မလုပ်တာဟာ နိုင်ငံရေးအရအသုံးချဖို့ဖြစ်တယ်လို့ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။
“လွှတ်တော် ကိုယ်စားလှယ် အလုံအလောက်ရှိရဲ့သားနဲ့ ဒီဥပဒေကိုပြန်ပြီးတော့ ပြင်ဖို့မကြိုးစားဘူး၊ အမှန်တကယ်ဆို ဒီလိုမတရားတဲ့ ဥပဒေတစ်ခုကို ပြည်သူ့အစိုးရလက်ထက်မှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ကိုက်ညီအောင် ပြုပြင်ပေးမယ်ဆိုရင် တစ်ချို့ပြဿနာတွေက ပြေလည်သွားမယ်၊ အခုဟာက ဒီပြဿနာကို အခုလိုကိုင်စွဲထားတာက ဘာဖြစ်လဲဆိုရင် ရေရှည်မှာ နိုင်ငံရေးအရ အသုံးချဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုရှိနေတယ်လို့ ကျနော်မြင်တယ် ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ၁၉၈၂ ဥပဒေကို ဘာကြောင့်ပြင်ဆင်ဖို့ မကြိုးစားတာလဲ ဆိုတဲ့ မေးခွန်းထုတ်နေတာတွေနဲ့ပတ်သက်လို့ NLD ပါတီ ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကို မေးမြန်းရာမှာတော့ -
“ဒီဥစ္စာက နည်းနည်းလေးတော့ လေးနက်တယ်ဗျာ၊ ဒါကိုကျနော်ထင်တာက ဒါကို CEC နဲ့ ဒေါ်အောင်ဆန်းစုကြည်ပ ဲလုပ်နိုင်မယ်လို့ထင်တယ်၊ အခြေအနေတစ်ခုအရ သူတို့ဒါကို မထုတ်ဖော်သေးတာလို့ ကျနော်ထင်တယ်၊ တော်တော်ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါပဲ၊ တစ်ဦးချင်းပြောရရင်တော့ ဒါဟာတကယ်ပြင်ဆင်သင့်တဲ့ဟာပါပဲ ”
အစ္စလာမ်ဘာသာဝင် လူငယ် အယောက် ၃၀ ကို ထောင်ဒဏ်အပြစ်ပေးတာဟာ မဖြစ်သင့်ဘဲ နိုင်ငံတကာအမြင်မှာ ပိုပြီးရုပ်ဆိုးစေတာကြောင့် လွှတ်ပေးသင့်တယ်လို့ ကိုဖီအာနန်အကြံပေးကော်မရှင်အဖွဲ့ဝင်လည်းဖြစ် အစ္စလာမ်ဘာသာရေးခေါင်းဆောင်လည်းဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။
၁၉၈၂ ဥပဒေပြင်ဆင်ရေး ဆောင်ရွက်မယ်ဆိုရင် နိုင်ငံရေးအရ ဆူပူမှုတွေဖြစ်နိုင်တာကြောင့် လတ်တလောမှာတော့ ဒီဥပဒေပြင်ဆင်ရေးကို အစိုးရဆီ တိုက်တိုက်တွန်းတွန်း မပြောလိုပေမယ့် အခြေအနေတစ်ခုရောက်ရင်တော့ ဒီဥပဒေကိုပြင်ဆင်သင့်တယ်လို့ ဦးအေးလွင်က ပြောပါတယ်။
၁၉၈၂ ဥပဒေကို လက်မခံပေမယ့် လက်ရှိ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေက အစ္စလာမ်သာသာဝင်တွေနဲ့ ပတ်သက်လို့တော့ ဒီဥပဒေနဲ့အညီ ဆောင်ရွက်သင့်တယ်လို့ ဦးအေးလွင်က အကြံပြုပါတယ်။
“ဒီ ၈၂ အတိုင်းပဲ မှန်မှန်ကန်ကန် စေတနာမှန်မှန်နဲ့ နိုင်ငံရေးဆန္ဒ အပြည့်အဝနဲ့လုပ်မယ်ဆိုရင် တော်တော်များများသော အဲဒီအစ္စလာမ်ဘာသာဝင်တွေဟာ နိုင်ငံသားအခွင့်အရေး ရလာနိုင်စရာ အကြောင်းရှိပါတယ်”
၂၀၁၈ ခုနှစ်က တနင်္သာရီတိုင်း လောင်းလုံနဲ့ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်တွေမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ လှေနဲ့ထွက်ပြေးလာတဲ့ မွတ်စလင် ရာနဲ့ချီ ဖမ်းမိခဲ့ပြီး နေရပ်ကို ပြန်ပို့ပေးတာတွေ ရှိခဲ့ပါတယ်။
အခုလို ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို လွတ်လပ်စွာသွားလာခွင့်မရဘဲ ဖမ်းဆီးထောင်ချနေတာကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကိုရောက်ရှိနေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လည်လက်ခံရေးကိုပါ ထိခိုက်နိုင်တယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်။)