စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်၊ သငါရွာကို ဩဂုတ်လ ၂၂ ရက် နေ့လယ်က စစ်ကောင်စီ တပ်က ဝင်ရောက်လာပြီးနောက် ဒေသခံနှစ်ဦး အသတ်ခံခဲ့ရသလို နေအိမ် ၃၀၀ ခန့် မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ သငါရွာထဲကို လက်နက်တွေနဲ့ ပစ်ခတ်ဝင်ရောက် လာခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးတွေပစ်ပြီး ရွာထဲကိုဝင်လာတာ။ ဝင်လာတာနဲ့ အိမ်တွေကို မီးစရှို့တာပဲ။ ပြီးတော့ ရွာထဲက ဘုန်းကြီးကျောင်းနဲ့ သုံးထပ်တိုက်မှာ တပ်စွဲပြီး ပစ်တယ်”
စစ်ကောင်စီတပ်သားတွေဟာ သငါရွာမှာ တပ်စွဲပြီးနောက် ဩဂုတ်လ ၂၃ ရက်နေ့မှာ ပြန် ထွက်သွားကြတယ်လို့ ဆိုပါတယ်။
အသတ်ခံထားရသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို တိုက်နယ်ဆေးရုံနားနဲ့ ကျေးရွာဓမ္မာရုံ နားတွေမှာ တွေ့ရှိခဲ့ကြတာဖြစ်ပြီး သေဆုံးသူတွေနဲ့ ပတ်သက်လို့ အသေးစိတ်အချက် အလက်တွေကို မသိရသေးပါဘူး။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေး ပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နေအိမ်တွေကို မီးရှို့တာဟာ သူတို့လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်သာဖြစ်တယ်လို့ ယခင်က တုံ့ပြန် ပြောဆိုထားပါတယ်။
လက်ရှိမှာ သငါရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ် လို့ ဒေသခံတွေက ပြောပါတယ်။