ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတာကြောင့် ဝီယော်အပါအဝင် ထုံးဘိုလေး၊ ထုံးဘိုကြီးနဲ့ သုံးအိမ်စု စတဲ့ ကျေးရွာလေးရွာက ဒေသခံ ၃၀၀၀ လောက် ထွက်ပြေးနေရတယ်လို့ KNU က ဇွန်လ ၆ ရက်နေ့ ဒီနေ့ထုတ်ပြန်ပါတယ်။
သထုံမြို့နယ် ဝီယော်ရွာမှာ တပ်စွဲထားတဲ့ ခမရ အမှတ် (၉) တပ်ကနေ ဘေးပတ်ပတ်လည် မှာရှိတဲ့ အဲဒီရွာတွေဘက်ကို နေ့စဉ်ပစ်ခတ်နေတာလို့ KNU သထုံခရိုင် သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
"ဇွန်လ ၁ ရက်နေ့ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ နေ့တိုင်းပစ်နေတယ်။ အခုတစ်ပတ်အတွင်း ဒေသခံတွေ သုံးထောင်လောက် ရှောင်နေရတယ်။ စိုက်ခင်း လုပ်ငန်းတွေ၊ လယ်ယာသုံး ကျွဲ၊ နွားတွေ အကုန်ပစ်ထားပြီး ဘေးလွတ်ရာကို ပြေးနေရတာ"
မိုးတွင်းကာလဖြစ်တာကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အမိုးအကာနဲ့ အခြေခံ စားသောက်ကုန်တွေ လိုအပ်နေပြီး ခြင်ပေါက်ဖွားမှုတွေလည်းရှိတာကြောင့် တုပ်ကွေးအန္တရာယ်ကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ဝီယော်ရွာမှာ ခမရ အမှတ် (၉) စခန်းကနေ ထုံးဘိုကြီးရွာကို သတင်းထောက်လှမ်းဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦးနဲ့ တပ်ကြပ်ကြီး တစ်ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ကနေ ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ သူတို့လူနှစ်ယောက်ကို မလွှတ်ပေးရင် ထုံးဘိုကြီးနဲ့ ထုံးဘိုလေးရွာတွေကို ပစ်ခတ်ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်တဲ့ သတင်းတွေ လွှင့်ပြီးတဲ့ နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို အဲဒီရွာတွေကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၂ ရက်နေ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုမှာတော့ ထုံးဘိုလေးရွာက အသက် ၇၀ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ သထုံခရိုင်ထဲက စစ်ကောင်စီတပ်စခန်းတချို့ကို ရိက္ခာ ပို့ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ ဝီယော်ရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ခြောက်ဦး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ (၁) က ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။