၂၀၂၃ ခုနှစ်အတွင်း နေအိမ် သုံးသောင်းကျော် မီးရှို့ဖျက်ဆီးခံရ

၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာတင် နိုင်ငံတစ်ဝန်းက နေအိမ် သုံးသောင်းကျော်ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်အာဏာသိမ်းပြီးနောက် နေအိမ်မီးရှို့ဖျက်ဆီးခံရမှုဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းတွေက ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းက နေအိမ် ရှစ်သောင်းနီးပါး( ၇၈၇၃၇ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီထဲက နေအိမ် သုံးသောင်းကျော် (၃၀၂၇၄ လုံး) ဟာ ၂၀၂၃ခုနှစ်အတွင်း မီးလောင်ပျက်စီးခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်သုံးသောင်းကျော်ထဲက နှစ်သောင်းနှစ်ထောင်ကျော် (၂၂၅၅၄ လုံး) ဟာ လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ပါတယ်။

ဒီနေအိမ်တွေကို နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာလို့ Data for Myanmar က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကောင်စီတပ်က နေအိမ်မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဘူးလို့ မကြာခဏ ငြင်းဆိုပါတယ်။

ဒါပေမဲ့ နေအိမ်မီးရှို့ခံရတဲ့ ဒေသခံတွေကတော့ စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ အခိုင်အမာ ပြောဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရလည်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော်ရှိနေပါတယ်။