မြိုင်မြို့နယ် ဝယ်တောင်ရွာက နေအိမ် ၃၆ လုံးခန့် မီးရှို့ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ် ဝယ်တောင်ရွာကို သြဂုတ် ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့လို့ လူနေအိမ် ၃၆ လုံးခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ၊ ၂၃ ရက်နေကစပြီး သဒွတ်ရွာ အနီးနဲ့ ဝယ်တောင် တောင်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက်ကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီး ရွာတွေကို ဆက်တိုက် ဝင်ရောက်မီးရှို့နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဝယ်တောင် တောင်ရွာ ဆိုလည်း ခြောက်လုံးလောက် မီးရှို့သွားသေးတယ်။ ဝယ်တောင်က ထွက်ပြီးတော့ ဝယ်တောင် မြောက်ရွာမှာ စစ်တပ်က ညအိပ်တယ်ဗျ။ နောက်နေ့ မနက် ၇ နာရီခွဲ လောက်မှာ ရွာကို မီးရှို့တယ်ဗျ။ အိမ်ခြေအလုံး ၃၀ လောက် ပါသွားတယ်ဗျ"

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က ညောင်ပင်ဇောက်နဲ့ ရွာသာအေးမှာ စခန်းချနေပြီး သြဂုတ်လ၂၉ ရက်နေ့မနက်မှာ စဘေကန်ရွာဘက်က တောထဲမှာ စစ်ဘေးရှောင်နေတဲ့ အရပ်သား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာကို ကြားသိရတယ်လို့ ပြောပါတယ်။

အရပ်သားတွေ ဖမ်းဆီးခံရမှုအခြေအနေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

ဝယ်တောင်မြောက်ရွာက အိမ်ခြေ ၈၀၀ ဝန်းကျင်နဲ့ ဝယ်တောင် တောင်ရွာက အိမ်ခြေ ၁၀၀၀ နီးပါးရှိပြီး ရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

မြိုင်မြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဝယ်တောင်၊ စဘေကန်၊ နန်းတော်ရာ၊ ညောင်ပင်ဇောက်၊ ဆူးဝင်း စတဲ့ ရွာပေါင်း ငါးရွာထက်မနည်းက ပြည်သူတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့ကလည်း မြိုင်မြို့နယ် သဒွတ်ရွာနဲ့ ပေါက်ခေါင်းရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့လို့ နေအိမ် ၁၂၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။