မြန်မာအလုပ်သမား ၃ ဦး သေဆုံး


2017.02.03
myanmar-dead-620.jpg ထိုင်းနိုင်ငံ နခွန်ပထုန်မြို့နယ်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကားတိုက်ခံရပြီး သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတစ်ဦးရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်
Photo: Ye Min - AAC

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နခွန်ပထုန်မြို့နယ်မှာရှိတဲ့ I.S.A Value Co.LTD ငါးသေတ္တာ စည်သွတ်ဗူး စက်ရုံကိုအလုပ်လုပ်ကိုင်ဖို့သွားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးယောက်ဟာ ဒီကနေ့မနက်အစောပိုင်းက ကားတိုက်ခံခဲ့ရပြီး နေရာမှာတင်ပွဲချင်းပြီ သေဆုံးသွားပါတယ်။  

ဖြစ်ပွားခဲ့တဲ့နေရာကတော့ ဘန်ကောက်မြို့နဲ့ ကီလိုမီတာ ၅၀ လောက်အကွာမှာရှိတဲ့ နခွန်ပထုန်မြို့နယ် ဆီစန်ဖန်အရပ်မှာရှိတဲ့ ငါသေတ္တာစက်ရုံအနီးမှာ ၁၀ ဘီးကားတစ်စီးက အနောက်ကနေ အရှိန်လွန်ပြီး ဝင်တိုက်ခံခဲ့ရတာဖြစ်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်း က RFA ကို အတည်ပြု ပြောဆိုပါတယ်။  

"မြန်မာပြည်က ဒီနှစ်နိုင်ငံသဘောတူညီမှုနဲ့လာတဲ့ MOU စာချူပ်နဲ့လာတဲ့ အလုပ်သမားတွေပေါ့နော် သုံးယောက်ပေါ့၊ နခွန်ပထုန်မြို့နယ် ဆီစန်ဖန်အပိုင်းမှာရှိတဲ့ ISA ဆိုတဲ့ ဒီငါးသေတ္တဆီတို့ဗူးစက်ရုံကို မနက်ခင်း အလုပ်သွားတာပေါ့၊ ဒီနေ့ မနက် ၆ နာရီပေါ့နော် အလုပ်သွားတဲ့အချိန် စက်ဘီးနဲ့သွားတဲ့ အချိန် နောက်ကနေပြီးတော့ ၁၀ ဘီးကားပေါ့ တွဲယာဉ်က ဝင်တိုက်ပစ်လိုက်တာပေါ့၊ ကားသမားက အခု ပြေးသွားတယ်ပေါ့ ကားသမားကို မဖမ်းမိလိုက်ဘူး။ သုံးယောက်လုံး အဲ့နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတယ်ခင်ဗျ"


ကားတိုက်ခံရလို့ သေဆုံးခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကတော့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ညောင်ကိုင်းရွာ က မောင်နှမတွေဖြစ်ကြတဲ့ အသက် ၂၈ နှစ်အရွယ် တင်ကျော်မိုးနဲ့ အသက် ၂၄ နှစ်အရွယ် မငြိမ်းငြိမ်းစိုးဖြစ်ပြီး ယင်းမာပင်မြို့နယ် တာဝကျးရွာက အသက် ၂၄ နှစ်အရွယ် မောင်အောင်ပြည့်ဝင်း တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

သူတို့သုံးဦးဟာ မြန်မာနိုင်ငံက Today Topstar အေဂျင်စီက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တာဝန်ယူ ပို့ဆောင်ပေးထားတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတာ တစ်နှစ်ခန့်ရှိပြီးဖြစ်တယ် လို့လည်း သိရပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးဦးအတွက် နစ်နာကြေးရရှိဖို့ အပါအဝင် ကားနဲ့ဝင်တိုက်ခဲ့တဲ့ ထိုင်းနိုင်ငံသားကို ဖမ်းဆီးရမိဖို့နဲ့ ဥပဒေအရ ရေးယူဆောင်ရွက်နိုင်ဖို့အတွက် အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။  

လောလောဆယ် ကားတိုက်ခံရလို့ သေဆုံးခဲ့ကြတဲ့ မြန်မာနိုင်ငံသား သုံးဦးကိုတော့ နခွန်ပထုန်မြို့နယ်က ဝပ်လပ်ခင်ဆေးရုံမှာ ဆေးစစ်ချက်ရယူပြီးနောက် မနက်ဖြန်မှာ မီးသဂြိုဟ်မည့် ဝပ်ဒ်စန်ဖစ် ဘုန်းတော်ကြီးကျောင်း ကို ပြောင်းရွှေ့ထားလိုက်ပြီး နာရေးကိစ္စတွေ စီစဉ်ဆောင်ရွက်နေကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။