ထိုင်းနိုင်ငံအနောက်ပိုင်း ယာဉ်မတော်တဆမှု မြန်မာနိုင်ငံသားလေးဦးသေ၊ ကိုးဦးဒဏ်ရာရ

တနင်္ဂနွေနေ့မနက်အစောပိုင်းက ထိုင်းနိုင်ငံအနောက်ပိုင်း ဆန်ခလဘူရီမြို့နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်၊ အဝေးပြေးလမ်းမ ၃၂၃၊ ဘုရားသုံးဆူ ဖြတ်လမ်းမှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားလေးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိသွားတယ် လို့ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

ထိုင်းရဲတပ်ဖွဲ့အဆိုအရ မြန်မာနိုင်ငံဘက်က လာတဲ့ယာဉ်ဟာ မနက်လေးနာရီလောက်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ရောက်သွားချိန်မှာ ယာဉ်ဟာ ပက်လက်လန်လျက်ရှိနေပြီး ယာဉ်အတွင်း အမျိုးသား နှစ်ဦး၊ အသက် ၁၃- ၁၄နှစ်အရွယ် လူငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးတယ်လို့ ပြောပါတယ်။

ယာဉ်တိမ်းမှောက်စဉ် အနီးအနားမှာ ရှိနေတဲ့ ထိုင်းနိုင်ငံသားမျက်မြင်သက်သေတစ်ဦးအဆိုအရ တိမ်းမှောက်သွားတဲ့ ယာဉ်အတွင်းကနေ လူနှစ်ဦးထွက်ပြေးသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးသူနှစ်ဦးဟာ လူကုန်ကူးသူတွေ ဖြစ်ပြီး မြန်မာနိုင်ငံသားတွေကို ခေါ်ဆောင်လာသူတွေလို့ ယူဆရကြောင်း၊ ဒဏ်ရာရရှိသူမြန်မာနိုင်ငံသားကိုးဦးကိုတော့ ဆန်ခလဘူရီဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။