မြန်မာပြည်က စစ်ပြေးဒုက္ခသည်ကလေးငယ် ၄ဝဝ နီးပါး မီဇိုရမ်ပြည်နယ်မှာ စာသင်ခွင့်ရ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားပြည်သူ့အစိုးရကို၊ စစ်တပ်က အကြမ်းဖက် အာဏာသိမ်းခဲ့ပြီးနောက်၊ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူ အများအပြား အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။

မြန်မာနဲ့ မီဇိုရမ်ပြည်နယ်ဟာ နယ်စပ်ချင်း မိုင် ၂၅ဝ နီးပါး ထိဆက်နေတာပါ။ မြန်မာနိုင်ငံတွင်းက စစ်တပ်အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေကို ဒေသခံ မီဇိုရမ်ကျေးရွာတွေက စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ အဝတ်အထည်တွေ ထောက်ပံ့ စောင့်ရှောက်ခဲ့ကြပါတယ်။

မြန်မာကလေးငယ်တွေကိုလည်း မီဇိုရမ်ကျောင်းတွေက လက်ခံခဲ့ပါတယ်။ ဒါ့ပြင် ၂ဝ၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ၊ မြန်မာကလေးအားလုံးကို အစိုးရ စာသင်ကျောင်းတွေမှာ တက်ရောက် သင်ယူခွင့်ပြုဖို့ မီဇိုရမ် ခရိုင်ပညာရေးအရာရှိအားလုံးကို ပြည်နယ်အစိုးရက ညွှန်ကြားခဲ့ပါတယ်။ လူသားချင်းစာနာကူညီရေး အ‌ခြေခံအရ ဆောင်ရွက်တာဖြစ်ကြောင်းလည်း သိရပါတယ်။

မီဇိုရမ်ရောက် မြန်မာဒုက္ခသည်ကလေးငယ် လေးရာနီးပါးရှိပြီး၊ အသက် ၆ နှစ်ကနေ ၁၄ နှစ်အတွင်း ရှိကြပါတယ်။ ကလေးအများစုက ကျန်ဖိုင်းနဲ့ အိုက်ဇောခရိုင်တွေမှာ ရှိနေကြတာပါ။ သူတို့ကို အစိုးရကျောင်းတွေမှာ အပ်နှံမှာဖြစ်ကြောင်း၊ မီဇိုရမ်ပြည်နယ်ဟာ မြန်မာနဲ့ နယ်စပ်တလျှောက် ကျေးရွာတွေက ကလေးသူငယ်တွေရဲ့ ပညာရေးကို တက်ကြွတဲ့အခန်းကဏ္ဍကနေ ဆောင်ရွက်နေကြောင်းလည်း မီဇိုရမ်ပညာရေးဝန်ကြီးက ပြောဆိုပါတယ်။

ကျန်ဖိုင်းခရိုင်က ကျောင်းတွေကလည်း မြန်မာကလေးတွေကို ပညာရေး မဆုံးရှုံးရအောင် အခမဲ့ သင်ကြားပေးနေကြောင်း၊ မြန်မာကလေးငယ် သုံးရာကနေ ငါးရာကျော်အထိ နယ်စပ်ကိုဖြတ်ပြီး မီဇိုရမ်ကျောင်းတွေမှာ နေ့စဉ် တက်ရောက်နေကြကြောင်း၊ မြန်မာအမျိုးသမီးတစ်ယောက်ကလည်း နိုင်ငံတွင်းမှာ မငြိမ်သက်မှုတွေကြောင့် ကျောင်းတွေပိတ်ထားရတာဟာ ကလေးတွေအတွက် စိုးရိမ်စရာဖြစ်ကြောင်း ပြောဆိုတယ်လို့ Hindustan Times သတင်းက ဖော်ပြပါတယ်။

မီဇိုရမ်ရဲတပ်ဖွဲ့ကလည်း မြန်မာကလေးငယ်တွေကို ပြည်နယ်အတွင်း ဝင်ခွင့်ပြုထားတာပါ။ နယ်စပ်နဲ့အနီး မြန်မာဘက်က ကျောင်းသူကျောင်းသားတွေအတွက် နယ်စပ်ဂိတ်ကို ၇ နာရီကနေ ၉ နာရီအထိ ဖွင့်ပေးထားကြောင်း၊ ကျောင်းကိုရောက်ဖို့ နာရီဝက်ခရီး သွားရပြီး၊ တချို့နေ့တွေမှာ ကျောင်းသူကျောင်းသားအရေအတွက် ငါးရာလောက်အထိရှိကြောင်း၊ အဲဒီကျောင်းသူကျောင်းသားတွေဟာ အစိုးရနဲ့ ပုဂ္ဂလိက စုစုပေါင်း ကျောင်း ၉ ကျောင်းကဖြစ်ပြီး စာသင်ခန်းတွေမှာလည်း အိန္ဒိယနဲ့မြန်မာ စာသင်သားတွေ စုပေါင်း တက်ရောက်နေကြတာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်ကတော့ မြန်မာရွှေ့ပြောင်းသူတွေ ဝင်ရောက်လာနေတာကို ရပ်တန့်ဖို့ ဗဟိုအစိုးရက မီဇိုရမ်ပြည်နယ်အစိုးရကို ပြောဆိုခဲ့ပေမဲ့ မြန်မာနိုင်ငံက ချင်းတိုင်းရင်းသားတွေနဲ့ မီဇိုရမ်ပြည်နယ်က မီဇိုမျိုးနွယ်စုကြားက နက်ရှိုင်းတဲ့ ဆက်နွယ်မှု၊ လူသားချင်းစာနာကူညီမှု ပြဿနာတွေကို မျက်ကွယ်မပြုနိုင်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ်က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီထံ ၂ဝ၂၁ ခုနှစ် မတ်လက စာရေ းတုံ့ပြန်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ဒုက္ခသည်ဆိုင်ရာ သ‌ဘောတူညီချက်နဲ့ ၁၉၆၇ ခုနှစ် ညှိနှိုင်းချက်တွေကို လက်မှတ်မရေးထိုးခဲ့ပါဘူး။ ဒါ့ပြင် အမျိုးသား ဒုက္ခသည် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်လည်း မရှိပါဘူး။ ဒါပေမဲ့ မြန်မာနဲ့ အာဖဂန်နစ္စတန်က ဒုက္ခသည်တွေကိုတော့ အကူအညီတွေ ပေးခဲ့ပါတယ်။