ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် ခြောက်ဦး ဩဂုတ်လ ၂၂ ရက်နေ့က ပစ်သတ် ခံခဲ့ရတာနဲ့ ဆက်နွှယ်ပြီး မနေ့ကအထိ ဒေသခံလူငယ် ၅၀ နီးပါး အဖမ်း ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံထားရသူတွေဟာ လူငယ်တွေပိုများတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံလူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော့်သူငယ်ချင်းသုံးယောက်ပါသွားတယ်။ သူတို့ဆိုရင် ခြင်းခတ်ဖို့ လူစုနေတုန်းပါ သွားတာ။ ရွာထဲအထိ လာဖမ်းတာ။ သတင်းရလို့ ဘာလို့ အတိအကျဝင်ဖမ်းတာမဟုတ်ဘူး။ ဒီရပ်ကွက်၊ ရွာထဲကို ဝင်တယ် မြင်မြင်သမျှကို ဖမ်းသွားတယ် အဲဒီလိုမျိုး။ ဖမ်းသွားတဲ့ လူတွေက အသက်အရွယ်အစုံပဲ၊ လူငယ်တွေ ပိုများပါတယ်"
ဖမ်းဆီးခံထားရသူတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရတာကြောင့် သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်မိတယ်လို့ သူက ပြောပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့က တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးအစည်းအဝေးကအပြန် ဇီးဖြူကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးခင်ညွန့်နဲ့ ရာအိမ်မှူးတွေလိုက်ပါလာတဲ့ကား ပစ်ခတ်ခံခဲ့ရတာကြောင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး) ကတော့ ဒါဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ဩဂုတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။