ဂန့်ဂေါမြို့ ရွာသုံးရွာက အိမ်ခြေ ၅၂ လုံး မီးရှို့ခံရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက မောက်ရွာ၊ မောက်လင်းရွာနဲ့ ကျော်ရွာတွေကို ဩဂုတ်လ ၂၈ ရက် မနေ့ကနေ ဒီနေ့မနက်အထိ စစ်ကောင်စီတပ်သားတွေ မီးဝင်ရှို့သွားတာကြောင့် သုံးရွာပေါင်း နေအိမ် ၅၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်ပျက်စီးခဲ့တဲ့အထဲမှာ မောက်ရွာက နေအိမ် ၃၂ လုံး၊ မောက်လင်းရွာက နေအိမ် ၁၂ လုံးနဲ့ ကျော်ရွာက နေအိမ် ရှစ်လုံး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဩဂုတ်လ ၂၇ ရက် နေ့လယ်ပိုင်းမှာ မောက်ရွာထဲ ဝင်ရောက် စခန်းချပြီး နောက်နေ့ မနက်ကစလို့ ဆက်တိုက် မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဩဂုတ်လ ၂၈ ရက်နေ့က မောက်ရွာကို မီးရှို့တယ်။ မီးရှို့ပြီးသွားတော့ မောက်ရွာက ထွက်တယ်။ ထွက်ပြီးတော့ မောက်လင်းကို ဝင်တယ်။ မောက်လင်းမှာ အိမ်တွေ မီးရှို့တယ်။ ဒီနေ့မနက်မှာ ကျော်ရွာကို ထပ်ဝင်မီးရှို့တာဗျ"

မီးရှို့ခံရတဲ့အထဲမှာ လူနေအိမ်တွေအပြင် မောက်ရွာက နွားစာတိုက် ၁၀ လုံးကျော်နဲ့ ကျော်ရွာက နှစ်လုံး ပါဝင်တယ်လို့ ဒေသခံက ဆိုပါတယ်။

ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာက နေအိမ် ၁၄ လုံးနဲ့ ဆိုင်ကယ် ၁၀ စီးကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ထယ်လှော် ရွာသားတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ နေအိမ်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒါပေမဲ့ ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က ဆက်သွယ်မေးမြန်ချိန်မှာ စစ်ကောင်စီဘက်က ဒီလိုမျိုးတွေ မလုပ်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ Data For Myanmar ရဲ့ ဩဂုတ်လ ၂၇ ရက် နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ဩဂုတ်လ ၂၅ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ နေအိမ်အလုံးပေါင်း ၂၈,၄၃၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး အဲဒီအထဲမှာ မကွေးတိုင်းက နေအိမ်အလုံးပေါင်း ၅၄၁၈ လုံး ပါဝင်ပါတယ်။