မင်းကင်း တောင်ဖြူရွာမှာ PDF တပ်ဖွဲ့ဝင် ၅၇ ဦး ဖမ်းဆီးခံရ

ခက်မာ (ဝါရှင်တန် ဒီစီ)
2021.07.29
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်ကိုထောက်ခံသူ ပျူစောထီးအဖွဲ့ဝင်တွေ အားကောင်းတဲ့ ရွာလို့ လူသိများတဲ့ မင်းကင်းမြို့နယ် တောင်ဖြူရွာကို ဇူလိုင် ၂၈ ရက် မနက်စောစော ၃ နာရီလောက်မှာ မင်းကင်း PDF တပ်က တိုက်ခိုက်ဖို့အသွား မနက် ၅ နာရီလောက်မှာ ရွာခံပျူစောထီးအဖွဲ့နဲ့ စစ်တပ်ပေါင်းပြီး ဝိုင်းဝန်းဖမ်းဆီး တာကြောင့် PDF တပ်ဖွဲ့ဝင် ၅၇ ယောက် အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
 
ရွာကိုလာဝိုင်းတဲ့ မင်းကင်း PDF တပ်ဖွဲ့ဝင်တွေကို ရွာခံပျူစောထီးအဖွဲ့တွေက တိုက်ပွဲမဖြစ်အောင် ညှိနှိုင်း မယ်လို့ လိမ်ညာပြောဆိုပြီးမှ စစ်ကူခေါ်ပြီး ဖမ်းလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။
 
“သူတို့က မိန်းကလေးတွေ ကလေးတွေ လက်နက်မပါတဲ့ ပြည်သူတွေ ထွက်လာပြီးတော့ ညှိနှိုင်းမယ်ဆိုပြီး ပြောတာ။ မင်းတို့လက်နက်တွေလည်း ထားခဲ့ဆိုပြီးပြောတော့ ၅၇ ယောက်က ရွာထဲဝင်သွားတယ်။ လက်နက်တွေ ထားခဲ့ပြီး ဝင်သွားတာ ဖမ်းလိုက်တာ။ မယုံလို့ လိုက်မသွားတဲ့ ၁၂ ယောက်ပဲ လွတ်တာ။ လေးယောက်ကို သတ်တယ်လို့ ကြားတယ်။ ကျန်တဲ့သူတွေတော့ ရှိတယ်လို့ကြားတယ်။ ဒီအခြေအနေကို စိုးရိမ်တယ်။ လက်နက်မပါတဲ့ သူတွေကို ဖမ်းမိတဲ့ သုံ့ပန်းတွေကို ဂျနီဗာကွန်ဗန်းရှင်းကို မလိုက်နာဘဲနဲ့ နှိပ်စက်ညှဉ်းပန်းမှာတွေ၊ သုတ်သင်မှာတွေ စိုးရိမ်တယ်”
 
အရင်ရက်တွေတုန်းက မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်ကဝင်ပြီး ရွာသားတွေကို ဖမ်းဆီး သတ်ဖြတ်တဲ့အခါ၊ ရွာခံပျုစောထီးအဖွဲ့ဝင်အချို့က ကူညီပံ့ပိုးခဲ့တာကြောင့် မင်းကင်း PDF တပ်က မနေ့က မနက်ပိုင်းမှာ တောင်ဖြူနဲ့ ပန်းဆက်ရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို တိုက်ခိုက်ဖမ်းဆီးဖို့ သွားခဲ့တာလို့ သူက ဆိုပါတယ်။ 

"လက်နက်တွေ ထားခဲ့ပြီး ဝင်သွားတာ ဖမ်းလိုက်တာ။"

လောလောဆယ် တောင်ဖြူရွာမှာပဲ အစုအပြုံလိုက် ချုပ်နှောင်ခံထားရတဲ့ PDF တပ်ဖွဲ့ဝင် ၅၇ ယောက်ထဲက လေးယောက် အသတ်ခံရပြီး၊ သူတို့ ဘယ်သူဘယ်ဝါဆိုတာကို အတိအကျ မသိရသေးဘူးလို့ အဲဒီ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
 
အရင်ကလည်း နိုင်ငံတစ်ဝှမ်း PDF တပ်ဖွဲ့ဝင်တွေ မကြာခဏ အဖမ်းခံရတာမျိုး ရှိခဲ့ပေမယ့် အခုလို အစု အပြုံလိုက် အဖမ်းခံရတာကတော့ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။
 
လက်နက်ကိုင်ထားပါရဲ့နဲ့ ဘာကြောင့် အခုလို အစုအပြုံလိုက် အဖမ်းခံရသလဲဆိုတာ အတိအကျသိနိုင်ဖို့ အဖြေရှာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နောက်တစ်ယောက်က RFA ကို ပြောပါတယ်။
 
“တိုက်ဖို့လာရင်း ဖုန်းလိုင်းပျက်သွားတာ၊ မနက် ၃ နာရီလောက်ထိ ပြောရသေးတယ်။ လုံခြုံမှုကတော့ တအား အားနည်းသွားပြီ၊ ဒီအဖမ်းခံရတဲ့သူတွေကလည်း တစ်ဖွဲ့တည်း သူငယ်ချင်းတွေပဲ၊ နေရာကွဲတာပဲ ရှိတာ။ အချင်းချင်းက ဖြစ်သွားတာလား၊ သစ္စာဖောက်တာလား၊ ဒါမှမဟုတ် အငိုက်ကိုပဲ ခံရတာလား၊ လက်နက်ကိုင်ထားမှတော့ ပြန်ပစ်မှာပဲ၊ သွားကတည်းက တိုက်ဖို့သွားတာပဲ၊ ဘယ်သူနဲ့ပဲတွေ့တွေ့၊ ဘယ်လက်နက်ကိုင်နဲ့ပဲ တွေ့တွေ့ ကိုယ့်ကို အသက်အန္တရာယ်ပေးနိုင်တာပဲ။ နောက်ဆုံး ခြိမ်းခြောက် တယ်ပဲထားဦး၊ ဒီလောက် အင်အား အများကြီးနဲ့ ပစ်လို့သေတာက ပြဿနာမရှိဘူး။ ဖမ်းခံရတယ် ဆိုတာက အဓိပ္ပယ်မရှိဘူး။ တော်တော်လေးတော့ စဉ်းစားရခက်တယ်။ ကျွန်တော်တို့လည်း တော်တော်လေး စဉ်းစားနေပါတယ်”
 
PDF တပ်ဖွဲ့ဝင်တွေ အစုအပြုံလိုက် အဖမ်းခံထားရတဲ့ ဓါတ်ပုံတွေဟာ ဒီကနေ့မနက်ပိုင်းမှာ  လူမှုကွန်ယက် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပြီး၊ အဲဒီဓါတ်ပုံတွေကို ဘယ်သူတွေက ရိုက်ကူးခဲ့သလဲ ဘယ်သူတွေက ဆိုရှယ်မီဒီယာပေါ် ဖြန့်ဝေခဲ့သလဲဆိုတာကို အတိအကျ မသိရပါဘူး။
 
ကြံ့ခိုင်ဖွံဖြိုးရေးပါတီ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်မြင့်ကတော့ တောင်ဖြူရွာကိစ္စနဲ့ ပတ်သက်ပြီး “PDF တွေက တောင်ဖြူရွာကို အင်အား ၈၀ နဲ့ဝင်တယ်၊ ရွာက လူညီပြီး စစ်နည်းဗျူဟာကောင်းတော့ ဒီကောင်တွေ ခံသွားရတယ်၊ သူတို့သေနတ်တွေက တူမီးဆိုတော့ ယမ်းထောင်း နေတဲ့အချိန် ကိုယ့်လူတွေက တူမီးနဲ့ပဲ ဝိုင်းလိုက်တာ ၅၀ ကျော် အရှင်မိတယ်။ အခုတော့ တပ်ကို လွှဲလိုက် တယ်လို့သိရတယ်” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးထားပါတယ်။
 
မင်းကင်းမြို့နယ် တောင်ဖြူရွာနဲ့ ၃ မိုင်ကျော်ခန့် ကွာဝေးတဲ့ ပန်းဆက်ရွာမှာလည်း ဇူလိုင် ၂၈ ရက် မနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်နဲ့ ပျူစောထီးတပ်ဘက်က တစ်ယောက်သေဆုံး၊ သုံးယောက် ဒဏ်ရာ ရခဲ့တယ်လို့  မင်းကင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။ 
minkin-pdf.jpg
(မင်းကင်း PDF တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်) Photo: CJ
ပန်းဆက်ရွာနဲ့ တောင်ဖြူရွာ တိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်း၊ ရေကြောင်းရော ကြည်းကြောင်းကပါ ကူတိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မင်းကင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်း ဦးမောင်မြင့်ကလည်း ပန်းဆက်ရွာ တိုက်ပွဲမှာ စစ်တပ် ဘက်က တစ်ယောက်သေ၊ သုံးယောက်ဒဏ်ရာ ရတာကို အတည်ပြုထားပြီး ဒဏ်ရာရသူတွေကို မင်းကင်း အခြေစိုက် စစ်တပ်က ရဟတ်ယာဉ်နဲ့ သယ်သွားတယ်လို့ ရေးထားပါတယ်။
 
တောင်ဖြူနဲ့ ပန်းဆက်ရွာ တိုက်ပွဲကိစ္စ၊ PDF တပ်ဖွဲ့ဝင်တွေ အဖမ်းခံရပြီး လေးဦး အသတ်ခံရတယ်ဆိုတဲ့ ကိစ္စတွေ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
 
စစ်ကောင်စီ ထောက်ခံသူတွေဘက်က ညှိနှိုင်းမယ်ပြောပြီး PDF တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ မချောစုစံက PDF တွေအနေနဲ့ ညှိနှိုင်းမှုတွေကို လက်မခံသင့်ဘူးလို့ ပြောပါတယ်။
 
"သူတို့ဘက်က ပြောတဲ့စကားက ရိုင်းရိုင်းပြောရရင် ပြည့်တန်ဆာကို အပျိုစစ်တယ် ပြောတာကမှ မှန်နေ ဦးမယ်ပေါ့နော်။ သူတို့ဘက်က ဘယ်လိုပဲ ဆွေးနွေးညှိနှိုင်းမှုတွေပဲ လုပ်စေချင်ကာမူ ကျွန်မတို့ ပြည်သူတွေ အနေနဲ့ သူတို့ကို ယုံဖို့ လုံးဝမလိုအပ်ဘူး။ သူတို့ဘက်က ပြောတဲ့စကားတွေ အားလုံးကလည်း ယုံကြည် နိုင်ဖွယ် မရှိဘူးပေါ့နော်။ အဲဒီတော့ ပြည်သူ့ကာကွယ်ရေးတပ်ကော ပြည်သူ ပြည်သားတွေ အားလုံး ကကော ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင် ရည်မှန်းချက်တွေ ချမှတ်ပြီးပြီ ကျွန်မတို့ ဆုံးဖြတ်ချက် တွေကို ပြတ်ပြတ်သားသား ချမှတ်ပြီးပြီ။ ကျွန်မတို့ ဒီတိုက်ပွဲကို မရရအောင် တိုက်ထုတ်မယ်ဆိုတဲ့ စိတ်တဲ့ ဆုံးဖြတ်ပြီးပြီ ဆိုလို့ရှိရင် ဘယ်လို ဆွေးနွေးညှိနှိုင်းမှုမျိုးပဲ လာလာ လက်မခံသင့်ဘူးလို့ ပြောချင်ပါတယ် ရှင့်"
 
မနေ့က တိုက်ပွဲဖြစ်ခဲ့ပြိး ဒီကနေ့ ဇူလိုင် ၂၉ ရက်မှာတော့ တောင်ဖြူနဲ့ ပန်းဆက်ရွာတွေမှာ စစ်တပ်က လာရောက် တပ်စွဲထားတဲ့အတွက် အနီးတစ်ဝိုက်မှာရှိတဲ့ ပင်နင်းရွာ၊ ဖက်ခတ်ရွာ၊ လက်ချိတ်ရွာ၊ တုံပါရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၈၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။