ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ထိုင်းနိုင်ငံတွင်ကျင်းပ

မြန်မာ့လွတ်လပ်ရေး မီးရှုးတန်ဆောင် ရခိုင်အမျိုးသား ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ (၇၃) နှစ်မြောက် အခမ်းအနားကို ထိုင်းနိုင်ငံရောက် ရခိုင်အမျိုးသားများက ဦးစီးပြီး ဘန်ကောက်မြို့၊ ဘန်ခွန်တီရမ်မှာရှိတဲ့ ဝပ်ထပ်ခမ်း ဘုန်းကြီးကျောင်းမှာ မနေ့ကပြုလုပ်ခဲ့ရာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

ရခိုင် မျိုးချစ်စိတ် ဖွံ့ဖြိုးမှု ပန်းတိုင်အသင်း၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)၊ ရခိုင့်ဝံသာနု စာပေအသင်း၊ (A သုံးလုံး) သာရေး နာရေးအသင်းတို့က ကြီးမှူးကျင်းပတဲ့ ဒီအခမ်းအနားကို ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဥက္ကဋ္ဌ ဦးခိုင်ရဲခိုင်၊ ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် တို့နဲ့အတူ သံဃာတော်များက ဆရာတော် ဦးဥတ္တမအကြောင်းတွေနဲ့ သြဝါဒစကားတွေ အသီးသီး ပြောကြားကြပါတယ်။

ဒီအခမ်းအနားနဲ့ ပတ်သက်လို့ ရခိုင်မျိုးချစ်စိတ် ဖွံ့ဖြိုးမှု ပန်းတိုင်အသင်း ဒါရိုက်တာ ဦးအချိုင်က RFA ကို အခုလို ပြောပါတယ်။

“ဆရာတော် ဦးဥတ္တမဟာ ကျွန်တော်တို့ ရခိုင်လူမျိုး တစ်မျိုးတည်းနဲ့လည်း ဆိုင်တာမဟုတ်ဘူး။ ဆရာတော်ဟာ မြန်မာတစ်နိုင်ငံလုံးနဲ့လည်း ဆိုင်တယ်။ နောက်ပြီး ဆရာတော်လိုမျိုး သူရဲကောင်းတွေပေါ့နော်။ မြန်မာနိုင်ငံအတွက်၊ တိုင်းပြည်အတွက် လုပ်ဆောင်နိုင်တဲ့ သူရဲကောင်းတွေ အများကြီး ပေါ်ပေါက်လာအောင်အတွက် ဒီအခမ်းအနားကို ကျွန်တော်တို့ ပြုလုပ်ရတာ ဖြစ်တယ်”

အခမ်းအနားမှာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ပြီး ရခိုင်ပြည်နယ် အတွင်းမှာရှိနေတဲ့ ပြည်သူလူထုကို အစိုးရက အကာအကွယ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ရွှေ့ပြောင်း အလုပ်သမားတစ်ဦးဖြစ်တဲ့ စက်ရုံလုပ်သား ကိုသန်းမောင်လင်း ကတော့ -

“ကျွန်တော်တို့ ရခိုင်တစ်မျိုးသားလုံးတွေရဲ့ လုံးဝကို မေ့လို့ မရတဲ့ လွတ်လပ်ရေး မီးရှူးတန်ဆောင်၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တစ်ဦး ဖြစ်တဲ့အတွက် ဒီဆရာတော် ဦးဥတ္တမနေ့ကို ကျွန်တော်တို့ ဒီလိုပဲ နှစ်စဉ် နှစ်တိုင်း ကျွန်တော်တို့က မဖြစ်မနေ ကြိုးစားပြီး လာရတာ ဖြစ်ပါတယ်”

ဒီအခမ်းအနားကို တက်ရောက်လာတဲ့ ပရိသတ်တွေကို ကံစမ်းမဲဖောက်တဲ့ အစီအစဉ်နဲ့ အဆုံးသတ်ခဲ့ပြီး ထိုင်းအာဏာပိုင်တွေက တစုံတရာ တားဆီး ပိတ်ပင်တာ မရှိဘူးလို့လည်း သိရပါတယ်။