ဦးရာရှစ် ရာပြည့် အခမ်းအနား ရန်ကုန်မှာ ကျင်းပ

ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ရဲ့ ပထမဆုံး ဥက္ကဋ္ဌဖြစ်တဲ့ ဦးရာရှစ် ရာပြည့် အထိမ်းအမှတ် အခမ်းအနားကိုရန်ကုန်မြို့၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဒီကနေ့ ဦးရာရှစ် နှစ်တစ်ရာပြည့် အခမ်းအနားကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ပြောကြားခဲ့ပါတယ်။

"သမိုင်းမှာ ထိုက်ထိုက်တန်တန် နေရာယူပေးခဲ့တဲ့ တာဝန်ပေးခဲ့တဲ့ ကျွန်တော်တို့ လူမျိုးရဲ့ အင်မတန် သဘောထားကြီးကြောင်းကိုလည်း ဆက်ပြီးတော့ ပြပါ။ကျွန်တော်တို့ ဒီကနေ့ အရေးကြီးနေတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ လူမျိုးမခွဲဘူး၊ဘာသာ မခွဲခဲ့ဘူးဆိုတဲ့ အစဉ်အလာကို ဆက်ပြီး ထိန်းရမယ်။တစ်ဘက်ကလည်း ဘယ်ဘာသာ၊ဘယ်လူမျိုး ဖြစ်ဖြစ် ကျွန်တော်တို့က နိုင်ငံသားမှန်ရင် နိုင်ငံသား အခွင့်အရေး အပြည့် ပေးသလို ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အပေါ်မှာလည်း သစ္စာရှိကြောင်းကိုလည်း ကျွန်တော် တိုက်တွန်းပါတယ်"


တ.က.သ နဲ့ ဗ.က.သ ဥက္ကဌဟောင်း ဦးရာရှစ် နှစ်တစ်ရာပြည့် အခမ်းအနားကို ဝါရင့်နိုင်ငံရေးသမားတွေ ဖြစ်တဲ့ ဦးဝင်းတင်၊ ဦးတင်ဦးစတဲ့ နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ရဟန်းသံဃာတော်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူပရိသတ် (၅၀၀) ကျော် တက်ရာက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ တ.က.သ/ဗ.က.သ ဥက္ကဌ ဦးရာရှစ် ရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီက ၁၉၆၂ ခုနှစ်က ဖျက်ဆီးခံခဲ့ရတဲ့ တ.က.သ အဆောက်အဦးကို မူလနေရာမှာ ပြန်လည် တည်ဆောက်ပေးရေး၊ ကျောင်းသား သမဂ္ဂ သမိုင်းကို ကျောင်းသုံးစာအုပ်တွေမှာ ပြန်လည် ထည့်သွင်း ဖော်ပြပေးရေး စတဲ့အချက်တွေ ပါဝင်တဲ့ သဘောထား ထုတ်ပြန်ချက် တစ်ခုကို ဖတ်ကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးအတွက် ရံပုံငွေ ရှာဖွေတဲ့အနေနဲ့ (၅)ရက်ကြာ ပြုလုပ်မယ့် ရှင်သန်ဖူးဝေ ကံ့ကော်မြေ ပန်းချီပြပွဲ ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာရှိတဲ့ ယုဒဿန်ခန်းမမှာ ဒီကနေ့ မနက်က စတင်ဖွင့်လှစ် ပြသရောင်းချနေပြီဖြစ်ပါတယ်။

0:00 / 0:00