ရှစ်လေးလုံး ပြည်သူ့ပါတီကို ကန့်ကွက်စာ ၂၀၀ ခန့် ကော်မရှင်ထံရောက်နေ
2018.05.23

ရှစ်လေးလုံးပြည်သူ့ပါတီ မှတ်ပုံတင်ခွင့် ရရှိရေးနဲ့ ပတ်သက်ပြီး တင်ပြထားတဲ့ ပါတီအမည်၊ အလံ၊ တံဆိပ်တွေအပေါ် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတချို့က ကန့်ကွက်ကြောင်း တင်ပြစာ ၂၀၀ ခန့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံရရှိထားပါတယ်။
ပါတီတည်ထောင်ခွင့် လျှောက်ထားသူတွေထဲမှာ အခြားပါတီရဲ့ ပါတီဝင်အဖြစ် ရှိနေသေးသူတွေ ပါတယ်ဆိုတဲ့ အငြင်းပွားမှုတွေရှိနေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က ပြောပါတယ်။
"ကန့်ကွက်ထားတာတွေရှိတယ်။ နောက်ပြီး ကျနော်တို့ မေးမြန်းထားတာတွေလည်း ရှိတယ်။ အဲဒါတွေလည်း ပြန်ကြားမလာသေးတဲ့အခါကျတော့ အစည်းဝေးမထိုင်ရသေးဘူးပေါ့။ ကန့်ကွက်မှုတွေက များပါတယ်။ ၂၀၀ ကျော်လောက်ရှိပါတယ်။ လူပုဂ္ဂိုလ်သီးသန့်တွေလည်း ပါပါတယ်။ ပါတီတွေလည်း ပါပါတယ်။ အဖွဲ့အစည်းတွေ လည်း ပါပါတယ်။ ပါတီတည်ထောင်တဲ့သူတွေထဲမှာ အခြားပါတီကသူတွေကလည်း နုတ်ထွက်ခွင့် ရှင်းရင်း လင်းလင်းရှိ၊ မရှိတွေကလည်း အငြင်းပွားလာတော့ မေးရသေးတာပေါ့။ သူတို့ပါတီဝင်တွေ ဒီထဲမှာပါနေတယ် ဆိုတဲ့ ပါတီကိုပေါ့။ ဒါပေမဲ့ ပြန်မလာသေးဘူးပေါ့”
အငြင်းပွားလာတဲ့ ပါတီတွေဘက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က မေးမြန်းထားချက်အပေါ် ပြန်ကြားစာ မရသေးကြောင်း နဲ့ အငြင်းပွားတဲ့ပါတီဟာ NLD ပါတီမဟုတ်ကြောင်း ဦးမြင့်နိုင် က ပြောပါတယ်။
မှတ်ပုံတင်ခွင့်တင်လာတဲ့ ပါတီအသစ်တွေဆိုရင် ပါတီအမည်၊ တံဆိပ်၊ အလံတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက် တောင်းခံရပါတယ်။ လတ်တလောမှာ ကော်မရှင်အနေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ရဲ့ မှတ်ချက်လည်း မရရှိသေးဘူးလို့ ဆိုပါတယ်။
ရှစ်လေးလုံးပြည်သူ့ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်က ပါတီတည်ထောင်ခွင့် ပြုထားပြီး ဖြစ်တဲ့ အတွက် တရားဝင်မှတ်ပုံတင်ရရှိဖို့ ပါတီအမည်၊ တံဆိပ်နဲ့ အလံကို ပါတီဘက်က မေလ ၂ ရက်နေ့က ကော်မရှင်ထံ တင်ပြခဲ့ပြီး ကော်မရှင်က မေလ ၅ ရက်နေ့မှာ တစ်ပတ်အတွင်း ကန့်ကွက်နိုင်ကြောင်း အများပြည်သူကို အသိပေး ကြေညာခဲ့တာ ဖြစ်ပါတယ်။