ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာ (MOU) မြန်မာအလုပ်သမား ၉ဝဝ ဇွန်လ ၂၀ ရက်နေ့မှာ ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့် ထပ်မံရရှိခဲ့ပါတယ်။
အမှတ်-၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကနေ အလုပ်သမား ၄၀၀ တစ်ဖွဲ့၊ ၅၀၀ တစ်ဖွဲ့ နှစ်ဖွဲ့ခွဲ ဝင်ရောက်ခဲ့ကြပြီး MOU လုပ်သား ဝင်ရောက်ရာမှာ အများဆုံးဖြစ်ကြောင်း၊ ဝင်ရောက်ခွင့်ကလည်း တံတားပေါ်မှာတင် ဆောင်ရွက်ပြီးစီးကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင် Golden Royal Mandalay အေဂျင်စီ ကုမ္ပဏီက MOU မြန်မာလုပ်သား ၄ဝဝ ကို ထိုင်းနိုင်ငံ ဖစ်ဘူရီမြို့မှာရှိတဲ့ အီလက်ထရွန်နစ် စက်ရုံကို သွားရောက်လုပ်ကိုင်ကြမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အလားတူ သစ်ထူးဇေအေဂျင်စီကုမ္ပဏီကနေ MOU မြန်မာလုပ်သား ၅ဝဝ ဦးလည်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် နှစ်နှစ်ကျော်ကြာ MOU လုပ်သားတင်သွင်းမှု ဆိုင်းငံ့ခဲ့ရာတာပါ။ အခု မေလ ၁၀ ရက်နေ့က စပြီး တင်သွင်းခဲ့ရာမှာ ဇွန်လ ၂၀ ရက်နေ့အထိ MOU မြန်မာလုပ်သား ၄၇၀၅ ဦး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် ရနေပြီဖြစ်ပြီး၊ အထည်ချုပ်၊ ဆောက်လုပ်ရေး၊ စားသောက်ကုန်၊ အီလက်ထရွန်နစ် စတဲ့ လုပ်ငန်းတွေမှာ အဓိကထား ပို့ဆောင်ပေးနေတာ ဖြစ်ကြောင်း ဦးမိုးကြိုးက ပြောပါတယ်။
ထိုင်းနိုင်ငံ အလုပ်အကိုင်ဦးစီးဌာနကနေ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းတစ်သောင်းကျော်ကို အလုပ်ခေါ်ယူခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီအတွင်း ထိုင်း-မြန်မာနယ်စပ်ကနေ အထောက်အထားမဲ့ တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံနေရဆဲဖြစ်ပြီး သီတင်းသုံးပတ်အတွင်း ၁၅၀၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။
တာ့ခ်ခရိုင် မဲဆောက်မြို့ နယ်အတွင်း ဇွန်လ ၁၉ ရက်နေ့က မြန်မာရွှေ့ပြောင်းလုပ်သား ၂၁ ယောက်၊ ကန်ချနဘူရီခရိုင်မှာ ၃၀ ယောက်တို့ကို တရားမဝင် ခိုးဝင်မှုနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်မြို့တွေမှာရှိတဲ့ လဝက အချုပ်၊ ရဲအချုပ်၊ နယ်ခြားစောင့်တပ်အချုပ်နဲ့ စစ်တပ်တန်းလျားတွေမှာပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပြည့်နေတဲ့အတွက် ကျန်းမာရေးစစ်ဆေးပြီး နာရီပိုင်းအတွင်း လာရာလမ်းအတိုင်း ပြန်လည်ပို့ဆောင်နေလို့ ဖမ်းဆီးခံရတဲ့အရေအတွက် လျော့နည်းလာတာဖြစ်ကြောင်းလည်း ပြောပါတယ်။
နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာ MOU စနစ်နဲ့ တရားဝင် ဝင်လာလို့ ရပေမယ့် MOU လမ်းကြောင်း မူဝါဒ လုပ်ထုံးလုပ်နည်း ကြန့်ကြာတာတွေကြောင့် နှောင့်နှေးနေရတယ်လို့ ဦးမိုးကြိုးက ဆိုပါတယ်။ မေလ ၁၀ ရက်နေ့ကနေ ဇွန်လ ဒုတိယပတ်ထိ MOU မြန်မာရွှေ့ပြောင်းလုပ်သား ၃၅ဝဝ ကျော်ပဲ ထိုင်းနိုင်ငံကို တရားဝင်အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်း တရားမဝင်ခိုးဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၄ဝဝ ကျော်နဲ့ လူပွဲစား ၁၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲက ထုတ်ပြန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က ကန်ချနဘူရီခရိုင် ဆိုင်ယုပ်မြို့နယ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃ဝ ဟာ၊ လူပွဲစားကို ဘတ်ငွေ ၁၅၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးခဲ့ရပြီး၊ မော်လမြိုင်၊ ရန်ကုန်၊ ရခိုင်၊ ပဲခူး စတဲ့နေရာတွေကနေ လာခဲ့ကြတာ ဖြစ်တယ်လို့ ဇွန်လ ၂၀ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။