ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာအနီးမှာ ဒီနေ့မနက်က တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒိုင်းသား၊ ရွှေကျင်၊ ခွဆုံကျေးရွာတွေက ရွာသားတွေဟာ ကြောက်လန့်ပြီးတော့ ဘုန်းတော်ကြီးကျောင်းနဲ့ ကျေးရွာ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရဲ့အရှေ့ဘက် မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာအနီးမှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိတယ်လို့ တပ်မတော်နဲ့ AA နှစ်ဘက်စလုံးက ပြောဆိုပါတယ်။
ကျေးရွာသားတွေရဲ့ ပြောဆိုချက်အရ အဲဒီတိုက်ပွဲဟာ ဒိုင်းသားကျေးရွာနဲ့ နှစ်ဖာလုံခန့်အကွာမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA) ရဲ့ပြောခွင့်ရသူ ခိုင်သုခက အခုလို ပြောပါတယ်။
" မင်းပြားမြို့နယ် ဒိုင်းသားရွာရဲ့ အနောက်ဘက်စူးစူး လယ်ကွင်းထဲမှာ တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီမှာ အင်အား ၁၃၀ လောက်ရှိတဲ့ ဗမာစစ်ကြောင်းကို ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ဘက်ကနေပြီးတော့ လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိတယ်။ နာရီဝက်လောက်ပဲ ကြာတာပေါ့နော်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရန်သူ့ဘက်ကနေပြီးတော့ ၁၀ ဦးထက်မနည်းကျဆုံးပြီးတော့ နောက်ထပ် ၁၀ ကျော်လည်း ဒဏ်ရာရသွားတယ်။ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကို နောက်ထပ်စစ်ကူလိုက်လာတဲ့ အင်အား ၁၈၀ လောက်ရှိတဲ့စစ်ကြောင်း တစ်ခုကိုလည်း ကျွန်တော်တို့ဘက်ကနေပြီးတော့ ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့တာရှိတယ်။ ဆိုတော့ အဲဒီတိုက်ခိုက်မှုမှာလည်း ရန်သူဘက်ကနေပြီးတော့ နောက်ထပ် ငါးဦးကျဆုံးပြီးတော့ ဒဏ်ရာရတဲ့ သူတွေလည်း အများအပြားရှိတယ်။ ရန်သူဘက်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ အခုထိ ပစ်ခတ်နေတုန်းပဲ"
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တပ်မတော်ဘက်က ကျဆုံးမှုမရှိဘူးလို့ ပြောဆိုပြီး AA ဘက်က အလောင်းတချို့နဲ့ လက်နက်တစ်ချို့ကိုရခဲ့တယ်လို့ RFA ကို ပြောပါတယ်။
ဒါပေမဲ့ အရေအတွက်အသေးစိတ်ကို RFA ကမေးမြန်းရာမှာတော့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ထုတ်ဖော်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။
" ရန်သူဆီကတော့ အလောင်း၊ လက်နက်ရတာတော့ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ ဘာမှမဖြစ်ဘူး။ အလောင်းဘယ်လောက်ရတယ် ဘာညာဆိုတာကတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ သတင်းဌာနတွေနဲ့ တရားဝင်တွေ့တဲ့အခါကျမှ သူတို့ပြောခွင့်ရရင်တော့ ပြောမှာပေါ့။ ကျွန်တော်ကတော့ အလောင်း၊ လက်နက်ရတယ် ဒါလောက်ပဲပြောလို့ရမယ်"
ရက္ခိုင့်တပ်တော်(AA) ရဲ့ပြောခွင့်ရသူ ခိုင်သုခ ကတော့ တပ်မတော်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အတွက် AA ဘက်ကကျဆုံးတာမရှိဘဲ အစိုးရတပ်မတော်ဘက်က ကျဆုံးမှုတွေရှိခဲ့တာလို့ပြောပါတယ်။
ဒီနေ့မနက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီတိုက်ပွဲကြောင့် ကျေးရွာသားတွေအပေါ် ထိခိုက်မှုမရှိပေမယ့် အားလုံးကြောက်ရွံ့ပြီးတော့ လုံခြုံမယ့်နေရာတွေမှာ ပုန်းအောင်းနေကြရတယ်လို့ ဒိုင်းသားကျေးရွာက အမည်မဖော်လိုတဲ့ ရွာခံလူကြီးတစ်ဦးက RFA ကို ပြောပါတယ်။
" မနက် ၉ နာရီဝန်းကျင်လောက်ကနေ ၁၀ နာရီခွဲလောက်အထိဖြစ်တယ်။ သေနတ်သံကြားတာနဲ့ ကျွန်တော်တို့ လည်း ရှောင်ရာ ကွယ်ရာမှာပုန်းနေကြတယ်။ ရွာပြင်ကိုတော့ မထွက်ရဲဘူး။ ရွာသားတွေကတော့ ရွာအနီးအနား မှာ တိုက်ပွဲဖြစ်တာကိုစိုးရိမ်ကြပါတယ်။ ကလေးသူငယ်တွေကလည်း အကြောက်တလန့်နဲ့နေကြရပါတယ်။ အဲဒါနဲ့ ရွာအနီးအနားမှာ တိုက်ပွဲမဖြစ်စေချင်ပါ"
ဒီနေ့မနက်က တိုက်ပွဲကြောင့် ဒိုင်းသားကျေးရွာအပြင် ရွှေကျင်၊ ခွဆုံ စတဲ့ကျေးရွာတွေအနီးမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး ထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ရွှေကျင်ကျေးရွာသားတစ်ဦးက အခုလို ပြောပါတယ်။
" လက်နက်ကြီးက ကျွန်တော်တို့ကျေးရွာအနီးမှာ တစ်လုံးကျပါတယ်။ ရွာသားတွေကတော့ ကြောက်လန့်နေတာပေါ့။ လုံခြုံမယ့်နေရာတွေကို ထွက်ပြေးနေကြရပါတယ်။ ကလေးနဲ့ ကိုယ်ဝန်သည်တွေကိုလည်း လုံခြုံမယ့်နေရာတွေကို ပို့ထားရပါတယ်။ အားလုံးကတော့ စိုးရိမ်ကြတာပေါ့။ ဒါပေမဲ့ တစ်ယောက်ကိုတစ်ယောက် မကယ်နိုင်ကြပါ။ ကိုယ့်မိသားစုကိုပဲ ဂရုစိုက်နေကြရတယ်"
ရက္ခိုင့်တပ်တော်(AA)ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ဇွန်လ ရှစ်ရက်နေ့အထိ မိနစ် ၃၀ အထက် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲပေါင်း ၂၃၀ ကျော်ရှိနေပြီလို့ သိရပါတယ်။
RFA ကလေ့လာချက်အရ ဒီတိုက်ပွဲကာလအတွင်း အရပ်သားထိခိုက်သေဆုံးမှုဟာ လူ ၆၀ ခန့်အထိရှိနေပြီး ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတက်ကုသခဲ့ရသူကတော့ လူဦးရေ ၁၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းတွေအရ စစ်ဘေးသင့်လူဦးရေဟာ လေးသောင်းကျော် ရှိနေပြီဖြစ်ပါတယ်။
