မြောက်ဦးမြို့အရေးနဲ့ပတ်သက်လို့ တပ်မတော်နဲ့ AA အပြန်အလှန်ပြစ်တင်နေ

မြောက်ဦးမြို့ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းက ဒုက္ခသည်တွေကို တွေ့ရစဉ်
မြောက်ဦးမြို့ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းက ဒုက္ခသည်တွေကို တွေ့ရစဉ် (Photo: Min Thein Aung/RFA)

ရခိုင်ပြည်နယ် မြောက်ဦးမြို့အရှေ့ဘက် တောင်ကုန်းတွေမှာ တပ်စွဲထားတဲ့ အစိုးရတပ်မတော်ဘက်က မနေ့က နေ့လယ်ပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တဲ့အတွက် လူပေါင်း ၄၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာ မဟုတ်ဘဲ ကျေးရွာနဲ့ကပ်လျက် တောင်ကုန်းတွေကနေ တပ်မတော်က ပစ်ခတ်တာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးကြတာလို့ ဆိုပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း AA အဖွဲ့က မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှာ တပ်မတော်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိကြောင်း၊ မြောက်ဦးမြို့ပေါ်မှာ ဒုက္ခသည်တွေ တိုးလာအောင် AA အဖွဲ့က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ RFA ကို ပြောပါတယ်။

AA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ မတ်လ ၁၅ရက်နေ့နောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်းနဲ့ တပ်မတော်ဘက်က တိုက်ပွဲအတုတွေ ဖန်တီးနေတယ်လို့ ပြန်လည်ပြောဆိုပါတယ်။

မြောက်ဦးမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်တို့အကြား စစ်ရေးတင်းမာနေပြီး အစိုးရတပ် ဘက်က အင်အားအများအပြားကို မြို့နဲ့အနီးဝန်းကျင်တွေမှာ အင်အားတိုးမြှင့်ချထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့လောက်ကစပြီး AA ရက္ခိုင့်တပ် မတော်နဲ့ အစိုးရတပ်မတော်တို့အကြား စစ်ရေးတင်းမာမှုတွေကြောင့် လူဦးရေ ၃၀၀၀ ကျော်ဟာ မြို့ပေါ်နဲ့ ကျေးရွာအချို့က ကယ်ဆယ်ရေးစခန်း ၁၃ ခုမှာ ယာယီခိုလှုံနေကြရတာ ဖြစ်ပါတယ်။

အဲဒီအထဲက လူဦးရေ ၂၀၀၀ ကျော်ဟာ မတ်လ ၄ ရက်နေ့က လေးမြို့မြစ် အထက်ပိုင်း ဘုရားကြီးကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနောက်ပိုင်း ထွက်ပြေးလာကြသူတွေဖြစ်ပါတယ်။

ဒုက္ခသည်တွေဟာ စားဝတ်နေရေးအတွက် အလှူရှင်တွေရဲ့အကူအညီနဲ့သာ အဓိကရပ်တည်နေကြရတယ်လို့ ကယ်ဆယ်ရေးစခန်းတာဝန်ခံတွေက ပြောပါတယ်။

"ပြည်သူတွေရဲ့ကူညီပံ့ပိုးမှုကတော့ တော်တော်ရှိတာပေါ့။ အစိုးရဘက်က ပံ့ပိုးမှုကတော့ မရှိပါဘူး"

လူပေါင်း ၂၅၀ ကျော် မှီခိုနေတဲ့ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးမောင်သာခင် ပြောသွားတာပါ။

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနကတော့ မြောက်ဦးမြို့နယ်က နေရပ်စွန့်ခွာနေကြရတဲ့ ဒုက္ခသည်အားလုံးအတွက် ဆန်နဲ့ အဝတ်အထည်တွေ၊ အသုံးအဆောင်ပစ္စည်းတွေကို ကူညီပေးထားတယ်လို့ RFA ကိုပြောပါတယ်။

ပြည်နယ်အစိုးရရဲ့ ဒီလ ၁၃ ရက်နေ့အထိ ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည် ၇၈၀၀ ကျော်သာ ရှိတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့နယ်အတွင်းမှာ အစိုးရတပ်ဘက်က တပ်အင်အားအများအပြား တိုးမြှင့်ချထားတဲ့အတွက် ဒေသခံတွေဟာ နေရပ်ပြန်ဖို့ စိုးရိမ်ကြောက်လန့်နေကြတာ တွေ့ရပါတယ်။

"ကိုယ်က ဒီလိုမကြားဖူး မမြင်ဖူးတဲ့ အချိန်က မကြောက်ပါဘူး။ အခု စစ်ဖြစ်နေတဲ့အခါကျတော့ သူတို့တွေသောင်းကျန်းမှာကို စိုးရိမ်တယ်။ သူတို့တွေက အရင်တုန်းကလို အေးအေးဆေးဆေး နေတဲ့လူတွေ မဟုတ်ဘူးလေ။ ရမ်းသမ်းပြီးလုပ်သွားမှာကို စိုးရိမ်ရတယ်။ အဲဒါကြောင့် ရွာကိုမပြန်ရဲဘူး ဖြစ်နေကြပါတယ်"

ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အောက်လေညင်းတောင်ကျေးရွာကနေ မြောက်ဦးမြို့ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းမှာ ခိုလှုံနေတဲ့ ဒေါ်မြသောင်းရွှေ ပြောသွားတာပါ။

ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေထဲမှာပါဝင်တဲ့ မော်ရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကလည်း အခုလိုပြောပါတယ်။

"အစိုးရစစ်သားတွေကိုကြောက်ပြီး ထွက်ပြေးကြတာ။ သူတို့က လူတွေကို ဖမ်းခေါ်တယ်။ မတရားသဖြင့် စွပ်စွဲတယ်။ နှောင့်ယှက်တယ်။ အဲဒါမျိုးတွေကြောင့် ထွက်ပြေးကြတာ။ သူတို့ဟာသူတို့ တိုက်ပွဲဖြစ်နေရင် ရွာသူရွာသားတွေ ထွက်ပြေးမှာမဟုတ်ဘူး"

ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို AA ရက္ခိုင့်တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာတော့ မသိကြဘူးလို့ ပြောကြပါတယ်။

မြောက်ဦးဒေသခံတွေဟာ လယ်ယာအပြင် ကိုင်းကျွန်းစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အဓိကရပ်တည်ကြသူတွေဖြစ်ပြီး လက်ရှိ စစ်ရေးတင်းမာမှု အခြေအနေတွေကြောင့် သူတို့ရဲ့လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ခြင်း မရှိကြတော့ပါဘူး။

ဒုက္ခသည်အားလုံးဟာ နေရပ်ကို အမြန်ဆုံးပြန်လိုကြပေမယ့် အစိုးရတပ်တွေ သူတို့ကျေးရွာတွေအနီးမှာ လှုပ်ရှားသွားတာတွေရှိတဲ့အတွက် နေရပ်မပြန်ရဲကြဘူးလို့ ဆိုပါတယ်။

အစိုးရတပ်တွေ ရုပ်သိမ်းသွားတဲ့အချိန်ကျမှ နေရပ်ပြန်မှာလို့လည်း ပြောကြပါတယ်။ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ကြည် က နှစ်ဘက်တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲရေး အစိုးရဘက်က ဆောင်ရွက်ပေးဖို့ ပြောပါတယ်။

"ကျွန်တော်တို့ပြည်သူတွေကတော့ ဒီကိစ္စကို ငြိမ်းအေးစေချင်တယ်။ အစိုးရကို ကြည့်လိုက်တော့လည်း ဘာမှမလုပ်ပေးသေးဘူး။ ကျွန်တော်တို့အနေနဲ့ ဒီလိုထွက်ပြေးနေရမယ်ဆိုရင် ကြာလာတဲ့အခါ ကျွန်တော်တို့အနေနဲ့ အသက်အိုးအိမ်ရော၊ ကိုယ်ပိုင်ခံစားခွင့်တွေပါ အားလုံးဆုံးရှုံးတော့မယ့် အခြေအနေရှိနေပါတယ်"

အစိုးရက AA ရက္ခိုင့်တပ်မတော်ကို သောင်းကျန်းသူအဖြစ် သတ်မှတ်ထားတာပါ။

လက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေဟာလည်း ပြည်တွင်းစစ်မဟုတ်ဘဲ သောင်းကျန်းသူ နှိမ်နင်းရေး တိုက်ပွဲသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကိုပြောထားပါတယ်။

မြောက်ဦးမြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က -

"တိုက်ပွဲမဖြစ်ဘူးလို့ သူတို့ပြောတယ်ဆိုရင် ကျွန်တော် ပြောပြမယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်ကဆိုရင် ဝေသာလီနားမှာ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲပြီးတော့ တိုက်ခိုက်တယ်။ အဲဒီအချိန်အခါမှာ သူတို့နဲ့ ပစ်ခတ်မူဖြစ်တဲ့အခါမှာ ဦးစိန်လှမောင်လား တစ်ယောက်ဖမ်းမိတယ် အသက် ၆၃ နှစ်၊ တစ်ယောက်သေတယ်။ သူနဲ့အတူတူ လက်နက် မိုင်းနဲ့ဆက်စပ် ပစ္စည်းတွေဖမ်းမိတယ် ၊ သူတို့တိုက်ပွဲမဖြစ်ရင် ဒီလူက ဘာလို့ ဖမ်းမိမှာလဲ၊ မနေ့ကဆိုရင် လမ်းလုံခြုံရေးလုပ်တဲ့ အဖွဲ့တွေ စစ်တွေကနေထွက်တယ်၊ ပုဏ္ဏားကျွန်းရဲ့ အကျော် သရက်ချိုနားမှာ မရောက်ခင် တိုက်ပွဲဖြစ်တယ် ။ သရက်ချိုကြားနားမှာ ကျွန်တော်တို့ကို အင်အား ၃၀ လောက်နဲ့ အဲမှာတိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ အဲမှာ ကျွန်တော်တို့ဆီက လက်နက်ကြီးမှန်ပြီးတော့ AA အလောင်း တစ်လောင်းရတယ်။ ကျွန်တော်တို့ရဲ့ အဓိက တာဝန်ကိုက ပြည်သူလူထုလုံခြုံရေး ပြီးလို့ရှိရင် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်ပေးနေတာ။ အဲပေါ်မှာ AA က မြို့ပေါ်မှာ လာပြီး တိုက်ကွက်ဖော်တာတွေ ရှိတယ်။ တိုက်ပွဲရှောင်တို့ ဘာတို့ဆိုတာက မြို့ပေါ်မှာလာပြီး တိုက်ကွက်ဖော်ရင်တော့ ဖြစ်နေမှာပဲ။ မြို့ပေါ်မှာ တမင် ဒီလို ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ပဲ ကျွန်တော်က ထင်တယ်ဗျ။ တိုက်ပွဲတွေဖြစ်အောင် တိုက်ပွဲရှောင်တွေများလာအောင် နိုင်ငံတကာက စိတ်ဝင်စားအောင် ကျွန်တော်ကတော့ တမင်လုပ်နေတယ်ပဲ ထင်တာပဲဗျ"

ရခိုင့်တပ်မတော် AA ဘက်က သတင်းထုတ်ပြန်ချက်တွေအရ ဒီလ ၇ရက်နေ့ကစပြီး ၁၄ ရက်နေ့အထိ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၅ ရက်နေ့ကနေ ဒီကနေ့အထိ မြောက်ဦးမြို့နယ်ထဲမှာ AA အဖွဲ့က လှုပ်ရှားသွားလာတာ မရှိသလို တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ AA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဒီနေ့ ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ရှိနေဦးမယ်ဆိုရင် ဒေသခံတွေအပေါ် ထိခိုက်မှုတွေ ပိုမိုဆိုးလာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေအမြန်ဆုံးရပ်စဲပြီး နှစ်ဦးနှစ်ဘက် ပြေလည်အောင် ညှိနှိုင်းအဖြေရှာကြဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။