မြောက်ဦးတပ်ဌာနချုပ်ကို လာရောက်တိုက်ခိုက်တဲ့ AA အဖွဲ့ဝင် ၁ ဦးသေဆုံးကြောင်း ထုတ်ပြန်


2019.04.21
aa-corpse-622.jpg တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက AA အဖွဲ့ဝင် ၁ ဦးသေဆုံးကြောင်း ထုတ်ပြန်ထားတဲ့ပုံကို တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးက နယ်မြေခံတပ်ဌာနချုပ်ကို AA အဖွဲ့က အလစ်အငိုက် တိုက်ခိုက်ဖို့ ဝင်ရောက်လာတာကြောင့် တပ်မတော်လုံခြုံရေးကင်းအဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး AA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၀ ရက် မနေ့က မနက် ၄ နာရီကျော်လောက်မှာ မြောက်ဦးမြို့အနီးက နယ်မြေခံတပ်ဌာနချုပ် ကို AA အဖွဲ့က လာရောက်တိုက်ခိုက်စဉ် တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တာလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

AA တပ်ဖွဲ့ဝင်တစ်ဦးကို ဗုံးတစ်လုံးနဲ့အတူ စပ်ဆက်ပစ္စည်းတွေနဲ့ အသေဖမ်းမိရခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။

"မနေ့ကမနက် မနက် ၄ နရီကျော်ကျော်လောက်မှာ မြောက်ဦးမြို့မှာရှိတဲ့ တပ်ရင်းဌာနချုပ်တစ်ခုကို ပေါ့နော် AA သောင်းကျန်းသူ အင်အားတစ်ဖွဲ့ကနေ အရင်လိုပါပဲ ရဲစခန်းကိုလုပ်သလိုမျိုးပေ့ါနော်၊ လာပြီးလုပ်တာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့တပ်တွေက လုံခြုံရေးတပ်ဖွ့ဲဝင်တွေက အသင့်အနေအထားနဲ့ သူတို့ကပ်တဲ့အသံကြားတာနဲ့ ကျွန်တော်တို့က ပစ်ခတ်တာရှိတယ်ခင်ဗျ၊ လိုက်ပြီးတော့ နယ်မြေရှင်းလိုက်တယ်၊ AA သောင်းကျန်းသူတစ်ယောက်ပေါ့နော် လက်ပစ်ဗုံးနဲ့ စပ်ဆက်ပစ္စည်းတွေ၊ ကျည်အိမ်ပါတယ်၊ ကျည်တောင့်တွေပါတယ် လက်ပစ်ဗုံးတို့ ရတာပေါ့နော်"

AA အဖွ့ဲပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အခုလို ငြင်းဆိုပါတယ်။

"အဲလိုမျိုးဖြစ်စဉ်မျိုး မရှိဘူးဗျ၊ ဒီရက်ပိုင်းမှာ ဗမာစစ်တပ်က သူတို့ဟာသူတို့ပစ်နေပြီးတော့ တိုက်ပွဲ အတုလိုမျိုး ဖန်တီးနေကြတာ၊ ကျွန်တော်တို့ဖက်က သူတို့ကို သွားရောက်ပစ်ခတ်တာမျိုး မရှိဘူး၊ သူတို့ကနေပြီးတော့ ကျွန်တော်တို့ ရွာသားတွေဆီကနေတဆင့်သိရတာက ရွာတွေကိုသက်သက် သူတို့ ဦးတည်နေပြီးတော့ အဲလိုတိုက်ပွဲအတုတွေ ဖန်တီးပြီးတော့ သူတို့ဟာသူတို့ ပစ်နေကြတာ"

မြောက်ဦးမြို့မှာ တပ်မတော်တပ်ရင်းဌာနချုပ် ၃ ခုရှိတယ်လို့သိရပြီး မနေ့ကဖြစ်စဉ်မှာ ဘယ်တပ်ရင်း ဌာနချုပ်မှာဖြစ်တယ်ဆိုတာကို တပ်မတော်ဖက်က ထုတ်ဖော်ပြောဆိုတာ မရှိသလို AA အဖွဲ့က အင်အားဘယ်လောက်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။

AA အနေနဲ့ စစ်နည်းဗျူဟာ ပြောင်းသွားတဲ့သဘောအနေနဲ့ အဖွဲ့ငယ်လေးတွေနဲ့ အလစ်အငိုက်မှာ လာရောက်တိုက်ခိုက်တာမျိုးတွေ လုပ်လာတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။

မြောက်ဦး တပ်မတော် တပ်ရင်းဌာနချုပ်ကို AA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး RFA ကတော့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဒါ့အပြင် ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းအချိန်လောက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲက မုန်ဘော်ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ KIA ကချင်လွတ်လပ်ရေး တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အစိုးရတပ်မတော် တပ်မ ၉၉ နဲ့ မူဆယ်ခရိုင်ထဲက KIA တပ်ရင်း ၃၆ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ KIA ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး နော်ဘူ က အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ကချင်နဲ့ ရှမ်းပြည်နယ်ထဲက စစ်တိုင်းကြီး ၅ ခုတို့မှာ ဧပြီလကုန်ပိုင်းအထိ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ၄ လတာ ရပ်ဆိုင်းထားမယ်လို့ ကြေညာထားခဲ့ပါတယ်။

ဧပြီလမကုန်ခင်မှာ တပ်မတော်နဲ့ ခုလိုပစ်ခတ်တိုက်ခိုက်တာတွေဖြစ်လာတာနဲ့ ပတ်သက်ပြီး KIA ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး နော်ဘူက အခုလို ပြောပါတယ်။

"ဖြစ်တာတော့ မှန်ပါတယ်၊ KIA ကတော့ တပ်ရင်း ၃၆ ဖြစ်ပါတယ်၊ အဲဒီဖက်မှာ အမြဲတန်းလှုပ်ရှားနေတဲ့ တပ်မ ၉၉ က ထင်တယ်၊ KIA ဖက်ကတော့ ခုခံရင်းတိုက်ပွဲပေါ့၊ တပ်မတော်ဖက်က ထုတ်ပြန်ထားတဲ့ ဧပြီလ ၃၀ ရက်နေ့ပေါ့နော်၊ အခုက ရက်လည်းမပြည့်သေးဘူး မစေ့သေးဘူးပေါ့၊ အဲအချိန်မှာ သူတို့ဖက်က ခုလိုမျိုးလှုပ်ရှားလာတာတော့ ငြိမ်းချမ်းရေးသွားတဲ့လမ်းကြောင်းကိုတော့ အနှောင့်အယှက်ပေးတဲ့ သဘောမျိုးဖြစ်ပါတယ်"

အဲဒီတိုက်ပွဲနဲ့ပတ်သက်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေးကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ခုချိန်အထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။