ကျောက်တော်မှာ စစ်ကောင်စီ တပ်သားနှစ်ဦးကို ဖမ်းဆီးထားကြောင်း AA ပြော

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က စစ်ကောင်စီ တပ်သား နှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ခိုင်သုခက ဇွန်လ ၁၄ ရက် ဒီနေ့ပြုလုပ်တဲ့ အေအေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အေအေတပ်ဖွဲ့ဝင်တွေ၊ အေအေနဲ့ ဆက်စပ်သူတွေကို စစ်ကောင်စီက ဖမ်းဆီးနေတဲ့အတွက် အခုလို ဖမ်းဆီးရတာလို့ ခိုင်သုခက ပြောပါတယ်။

“မြန်မာစစ်တပ်က ကျနော်တို့ ULA/AA တပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို ညအချိန်မှာ ဝင်ရောက် ဖမ်းဆီးတာတွေရှိတယ်။ ပြီးခဲ့တဲ့လနဲ့ ဒီလအတွင်းမှာပဲ ကျနော်တို့ တပ်ဖွဲ့ဝင် တချို့ကို ဖမ်းဆီးထားတာရှိတယ်။ အဲဒါကြောင့် ကျနော်တို့လည်း သူတို့ တပ်ဖွဲ့ဝင် တွေကို ဖမ်းဆီးရတာ ဖြစ်ပါတယ်”

ဖမ်းဆီးထားတဲ့ အဲဒီ စစ်ကောင်စီတပ်သားတွေကို မနှိပ်စက်ဘဲ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အေအေတပ်ဖွဲ့ဝင်တွေကို လွှတ်ပေးမယ်ဆိုရင် သူတို့ကိုလည်း ချက်ချင်းပြန်လွှတ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။

အေအေမှာ ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်သား၊ အရာရှိတချို့လည်းရှိနေပြီး နှစ်ဖက် ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ကိုယ့်အဖွဲ့အစည်းကို ပြန်ရောက်ဖို့အတွက် ကြားလူတွေကတစ်ဆင့် ဆောင်ရွက်နေတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

လက်ရှိအချိန်ထိ အေအေနဲ့ စစ်ကောင်စီက ဖမ်းဆီးခံထားရတဲ့ တပ်သားအရေအတွက်နဲ့ ပတ်သက်လို့ အတိအကျ အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုသွားခဲ့တာ မရှိပါဘူး။

ကျောက်တော်မြို့မှာ စစ်ကောင်စီတပ်သားနှစ်ဦးကို အေအေက ဖမ်းဆီးသွားပြီး မကြာခင်မှာဘဲ စစ်ကောင်စီ တပ်သားတွေ မြို့ထဲကိုဝင်လာပြီး မြို့တွင်းမှာ စစ်ရေး တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ အခုတော့ ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော် (AA) ကို ထွက်ပြေး ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီ ရှိတယ်လို့လည်း ဒီကနေ့ပြုလုပ်တဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ခိုင်သုခက ပြောဆိုခဲ့ပါတယ်။