စစ်ကောင်စီ ဘူးသီးတောင်တပ်မဌာနချုပ်နဲ့ တပ်ရင်းလေးခုကို သိမ်းယူနိုင်ကြောင်း AA ထုတ်ပြန်
2024.05.04
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ နဲ့ တပ်ရင်း လေးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်စခန်းနဲ့ လက်အောက်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ (၅၆၅)နဲ့ ခမရ (၅၅၁) စခန်းတွေကို သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
စကခ (၁၅) ဘူးသီးတောင် လက်အောက်ခံ တပ်ရင်းရှစ်ရင်းနဲ့ ဘူးသီးတောင်ဗျူဟာ လက်အောက်ခံ တပ်ရင်း လေးရင်းကို AA က တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မတ်လ ၂၅ ရက်နေ့မှာ ခမရ (၅၅၂) တပ်ရင်း၊ ဧပြီလ ၅ ရက်နေ့မှာ ခမရ (၅၆၄) တပ်ရင်း၊ ဧပြီလ ၂၄ ရက်နေ့မှာ ခမရ (၅၆၅) တပ်ရင်းနဲ့ မေလ ၃ ရက်နေ့မှာ ခမရ (၅၅၁) တပ်ရင်းကို သိမ်းယူနိုင်ခဲ့တာလို့လည်း ရေးသားထားပါတယ်။
စကခ ၁၅ တပ်မ ဌာနချုပ်ကိုတော့ မေလ ၂ ရက်နေ့က သိမ်းယူခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက်က စစ်ကောင်စီရဲ့ တာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်း၊ နယ်ခြားစောင့်စခန်း နခခ-၁ (ကျီးကန်းပြင်)၊ နခခ-၁၀ (လှဖိုးခေါင်) စခန်းတွေကိုလည်း သိမ်ယူနိုင်ခဲ့သလို အမ်းမြိုနယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ဘူးသီးတောင်က စစ်ကောင်စီရဲ့ တပ်ရင်းတွေ၊ ဌာနချုပ်တွေ သိမ်းယူခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်း လက်ခံဖြေဆိုတာ မရှိပါဘူး။
ရက္ခိုင့်တပ်တော် AA အနေနဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) ကျောက်တော် လက်အောက်ခံတပ်ရင်း အားလုံးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က သိမ်းယူနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။