သူဌေးချောင်းဆည်ရေမြင့်တက်နေလို့ ဆည်အောက်ဘက်ရွာတွေ ပြောင်းရွှေ့ကြဖို့ AA သတိပေး
2024.07.27
ရခိုင်ပြည်နယ် သံတွဲမြို့နယ် သူဌေးချောင်းဆည်ဟာ စိုးရိမ်ရေမှတ် (အနီရောင်အဆင့်) ကို ကျော်လွန်နေပြီဖြစ်လို့ ဆည်အနီး ပတ်ဝန်းကျင်နဲ့ ဆည်ကျရေ စီးဆင်းရာ လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ရွာတွေ ရေဘေးလွတ်ရာနေရာတွေကို အမြန်ဆုံးပြောင်းရွှေ့ကြဖို့ အာရက္ခတပ်တော် (AA) က ဇူလိုင်လ ၂၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဆည်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေသလို နောက်ရက်တွေမှာလည်း မိုးများနိုင်တဲ့အတွက် အရေးပေါ် ထုတ်ပြန်ရတာဖြစ်ပြီး ဒေသခံတွေအနေနဲ့ ကယ်ဆယ်ရေးဆောင်ရွက်မဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သူဌေးချောင်းဆည်အောက်ဘက်မှာ ချင်းတွင်း၊ ဘုရားမော်၊ ဆူးပုပ်ကုန်း၊ မကျည်းချောင်၊ ပေါက်တော၊ လင်းသီ၊ ကျောင်းကုန်း၊ ဘုန်းမော်၊ အောက်နတ်မော်၊ သပြုချိုင်၊ ပြင်ယောင်း၊ အင်တိုင်းကြီးစတဲ့ရွာတွေ ရှိနေပါတယ်။
သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းအနီး အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ဧပြီလကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စီမံကိန်းမှာရှိတဲ့ဝန်ထမ်းတွေလည်း ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
သူဌေးချာင်းဆည်ဟာ သံတွဲမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာမှာရှိပြီး ပင်မရေလှောင်တမံဟာ ကန့်ရေအပြည့် သိုလှောင်ပမာဏ ၆ ဒသမ ၉၆ သိန်း ဧကပေ သိုလှောင်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မြဝတီသတင်းစာမှာ ဖော်ပြထားပါတယ်။