အမ်း-ပဒါန်းလမ်း နတ်ရေကန် ဗျူဟာစခန်းကို AA ထိုးစစ်ဆင်

RFA Burmese
2025.02.18
အမ်း-ပဒါန်းလမ်း နတ်ရေကန် ဗျူဟာစခန်းကို AA ထိုးစစ်ဆင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို ရှေ့တန်းတစ်နေရာတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့က တွေ့ရစဥ်။
AA Info Desk

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ မထုံးကာကင်းစခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် နတ်ရေကန် ဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတွေက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြောပါတယ်။

နတ်ရေကန်စခန်းက ကာကင်းစခန်းဖြစ်တဲ့ မထုံးစခန်းကို AA က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဆယ်ခန့်ကို လက်နက်နဲ့တကွ ဖမ်းမိတယ်လို့ ဆိုပါတယ်။

အဲဒီနောက် မကွေးတိုင်း ငဖဲမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတွေကို AA က ဆက်လက်ထိုးစစ်ဆင်နေတာလို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အထက်တုံးကြီး၊ မထုံး၊ အောက်တုံးကြီးရွာသုံးရွာက အစဥ်လိုက်ရှိတယ်။ ဟိုးအရင်ကတည်းက မထုံးမှာတော့ စစ်ဆေးရေးဂိတ်ရှိတယ်။ စစ်တပ်လည်း ရှိတယ်။ တိုက်ပွဲတွေ ဖြစ်လာတော့ အထက်တုံးကြီးနဲ့ အောက်တုံးကြီးမှာပါ စစ်တပ်က နေရာယူလိုက်တော့ စခန်းက သုံးနေရာဖြစ်သွားတယ်။ တောင်စောက်တောင်၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းကနေ တစ်ဆင့်ချင်း ဆုတ်လာတဲ့အဖွဲ့တွေ အဲဒီမှာအင်အားစုပြီး ခုခံနေတာ။ မထုံးမှာ စစ်ကောင်စီ အရာရှိ အပါအဝင် သုံးဆယ်ကျော် လက်နက်နဲ့ ဖမ်းမိတယ်။ ပြေးနိုင်တဲ့သူတွေက နတ်ရေကန်ကို ဆုတ်သွားတယ်”

နတ်ရေကန် ဗျူဟာစခန်းဟာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်း လူအင်အားနဲ့ အမြောက်လက်နက်ကြီးတွေပါ ဖြည့်တင်းထားတာလို့ သူက ဆိုပါတယ်။

လက်ရှိမှာ အဲဒီဗျူဟာစခန်းကို ကာကွယ်ဖို့အတွက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်ရေကန် ဗျူဟာစခန်းအပြင် ဂုတ်ကြီးရွာအနီးမှာလည်း နောက်ထပ် ဗျူဟာစခန်းတစ်ခု အထိုင်ချပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ထားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်တို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် ပန်းတောင်း-တောင်ကုတ်လမ်းက စစ်ကောင်စီရဲ့ ပုဂံကွဲ တပ်စခန်းကိုလည်း ဒီရက်ပိုင်းမှာ AA က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်ရင်းတွေကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ကလည်း AA တပ်ဖွဲ့ဝင်တွေ ရှိနေတယ်လို့ ယူဆရတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မန်အောင် သုံးမြို့နယ်ကို စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။