AA ခေါင်းဆောင်လေးဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထား


2019.07.08
aa-leaders-622.jpg ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ။
Photo: RFA

ရက္ခိုင့်တပ်တော် AA ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို ရဲတပ်ဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် တရားစွဲဆိုပြီး တရားခံပြေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လက မြောက်ဦးမြို့နယ်က ဒေသခံရွာသား ၁၃ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့တာရှိပြီး အဲဒီထဲက တစ်ဦးဟာ ငှက်ဖျားရောဂါနဲ့ သေဆုံးသွားပြီဖြစ်သလို ကျန် ၁၂ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ တရားစွဲဆိုထားတာရှိပါတယ်။

ဒီလူတွေကို နောက်ကွယ်က စေခိုင်းခဲ့သူတွေအဖြစ် AA က ထိပ်ပိုင်းခေါင်းဆောင်တွေကိုပါ တိုင်ကြားထားတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှုအပါအဝင် ရခိုင်ပြည်နယ် အတွင်းလမ်းတွေကို ဗုံးခွဲတိုက်ခိုက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့  မြောက်ဦးမြို့နယ် စခန်းမှူး ဒုရဲမှူး အောင်သူရက တရားစွဲဆိုထားတာပါ။

တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က မြောက်ဦးမြို့နယ်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့ ဒေသခံရွာသား ၁၂ ဦးထဲက ကျောင်းတောင်ရွာသား ခြောက်ဦးအတွက် အမှု လိုက်ပါဆောင်ရွက်ပေးနေတာပါ။

တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်။AA ထိပ်ပိုင်းခေါင်းဆောင်တွေ တရားခံပြေးအဖြစ် သတ်မှတ်ခံ ထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို အခုလိုပြောပြပါတယ်။

"မြောက်ဦးမြို့နယ်မှာ ၁၃ ယောက်ကို ဖမ်းလိုက်တယ်။ နေမကောင်း တဲ့သူက တပ်မတော်လက်ထဲမှာပဲ ဆုံးသွားတယ်။ နောက် ၁၂ ယောက်ကို အကြမ်းဖက်ဥပဒေအရ တရားစွဲပို့ထားတယ်။ ဒီတရားစွဲပို့ တိုင်တန်းချက်ထဲမှာ AA က ထွန်းမြတ်နိုင်နဲ့ ငါးယောက် က စေခိုင်းပါတယ်။ ဒါကြောင့် သူတို့လည်း တရားခံတွေ ဖြစ်ပါတယ်။ အရေးယူပေးပါ။ ဒါပေမဲ့ အခုသူတို့ကို စိစစ်ဆဲ။ ဖမ်းမမိဘူး ဆိုပြီးတော့ တရားခံပြေးအမှုနဲ့ အမှုဖွင့်ထားတယ်"

တရားခံပြေးအဖြစ် သတ်မှတ်ထားသူတွေထဲမှာ AA ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် လေးဦးအပြင် စံရွှေမောင်ဆိုသူ တစ်ဦးလည်း ပါဝင်နေပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ စံရွှေမောင်ဆိုသူကို မသိကြောင်းပြောပါတယ်။

သူတို့ကို အခုလို အမှုဖွင့်ထားတာကြောင့် အစိုးရနဲ့ တပ်မတော်ထိန်းချုပ်နေရာတွေကို AA ခေါင်းဆောင် တွေအနေနဲ့လာရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မလုပ်နိုင်တာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောပါတယ်။

"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျနော်တို့ကို ပါဝင်စေချင်တယ်။ ဖိတ်ခေါ်တယ်ဆိုပြီး ပါးစပ်နဲ့ ပြောနေရုံနဲ့ မပြီးဘူး။ တစ်ဘက်မှာ သူတို့က ကျနော်တို့ကို ဖမ်းဝရမ်းထုတ်ပြီးမှ တစ်ဘက်မှာ ကျနော်တို့ကို ပြည်တွင်းထဲမှာလာပြီး ဆွေးနွေးပါ ဆိုလို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပျက်ပြားအောင်လုပ်နေတာလို့ပဲ ကျနော်က အဲလိုပဲ မြင်တယ်။ သူတို့ဘက်ကနေပြီးမှ ကျနော်တို့ ရက္ခိုင့်တပ်တော် AA ကခေါင်းဆောင်တွေကို အမှုဖွင့်ပြီး ဖမ်းဝရမ်း ထုတ်ထားတယ်ဆိုရင် ဒါဘယ်လိုမှ သူတို့ဥပဒေစိုးမိုးတဲ့နေရာကို ကျနော်တို့ သွားလို့မရဘူးဆိုတာ အပြီးအပိုင် ပြောတာပဲ။ တကယ်တော့ ဒီကိစ္စကို တိတ်တိတ်ပုန်း မြန်မာစစ်တပ်က ကြံနေတာက လွန်ခဲ့တဲ့ မတ်လလောက် ကတည်းက အဲဒါကြောင့်မို့လို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး သူတို့ခေါ်တဲ့နေရာကို ကျနော်တို့ မသွားနိုင်ဘူးဆိုတာ အဲဒါကြောင့်ပဲ။ ဒါကျနော်တို့ ကြိုသိနေတဲ့ ကိစ္စပဲ"AA ပြောခွင့်ရသူ ခိုင်သုခ

လက်ရှိအကြမ်းဖက်မှုဥပဒေနဲ့ ထိန်းသိမ်းခံထားရသူ ၁၂ ဦးဟာလည်း AA နဲ့ ဆက်စပ်မှုမရှိဘူးလို့ ခိုင်သုခ ကပြောပါတယ်။

မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး တင်မင်းဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဲဒီအမှုတွေဟာ တပ်မတော်က ဆောင်ရွက်တဲ့အမှုတွေဖြစ်ပြီး သူအနေနဲ့ ဒီအမှုကို သေချာ မသိကြောင်း ပြောပါတယ်။

"မသိသေးဘူးဗျ။ အဲ့ဒါတွေက။ အဲလိုလည်းပြောလို့မရဘူး။ သူတို့ သူတို့ တပ်ကစစ်တာ၊ ကျနော်တို့မသိဘူး။ ကျနော်လောလောဆယ် နယ်ရောက်နေလို့ ဗျ။ တာဝန်နဲ့သွားတာ။ ဂဃနဏမသိဘူး"

ဒီလိုတရားစွဲဆိုထားမှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ မသိသေးကြောင်း ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာမှာတော့ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က AA ခေါင်းဆောင်တွေကို တရားစွဲဆိုထားတာတွေ ကြားသိရကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေတာမှာလည်း ဒီအချက်လည်း ပါဝင်ကြောင်း ပြောပါတယ်။

စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်"အဲဒီအကြောင်းအချက်ပေါ် မူတည်ပြီးတော့ AA ကလည်း သူတို့ ခေါင်းဆောင်တွေရဲ့ လုံခြုံမှုနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ် ဆိုပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဒီနှစ်ဖွဲ့ကြားမှာ တန့်နေတာ ပေါ့။ အပြန်အလှန် မယုံကြည်မှု တွေရယ်။ ဒါတွေက တကယ်တမ်း ငြိမ်းချမ်းရေးလုပ်ချင်ရင် ကျော်လွှားလို့ရတယ်။ ဒါပေမဲ့ နှစ်ဦးနှစ်ဘက် က ငြိမ်းချမ်းရေးမရချင်ဘူး ဆက်ပြီးတော့ တိုက်ကြမယ်ဆိုရင်တော့ ပြဿနာတွေက ဆက်ရှုပ်နေမှာပဲ။ အဲလိုပဲ ကျနော်မြင်ပါတယ်"

ဒါကတော့ ရက္ခိုင့်တပ်တော် AA က ထိပ်ပိုင်းခေါင်းဆောင်တွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားပြီး တရားခံပြေး အဖြစ် သက်မှတ်ထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေနဲ့ လေ့လာသူတွေရဲ့ သုံးသပ်ပြောကြားချက်တွေကို နားဆင်ခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။