ထိန်းချုပ်နယ်မြေတွေမှာ တိမ်းရှောင်ကြဖို့ AA တိုက်တွန်း

ရခိုင်ပြည်နယ်က ဒေသခံတွေအနေနဲ့ ရန်ကုန်မြို့အပါအဝင် အခြားမြို့တွေကို တိမ်းရှောင်မဲ့အစား ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားတဲ့နေရာတွေကို ‌ပြောင်းရွှေ့နေထိုင်ကြဖို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ AA က တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးတွေမှာ လူမျိုးရေးအမုန်းတရားတွေကို မီးထိုးနေသလို ရခိုင်လူမျိုးတွေကို ဖိနှိပ်ဆန်ကျင်ဖို့ သွေးထိုးလှုံ့ဆော်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီထိန်းချုပ်တဲ့ဒေသတွေမှာ ရခိုင်လူမျိုးတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ဥပဒေမဲ့ဖမ်းဆီးတာ၊ ခြိမ်းခြောက်ငွေညှစ်တာ၊ စစ်သားသစ်စုဆောင်းတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေ နေ့စဉ်ကျူးလွန်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်အသုံးပြုရုံနဲ့ ရခိုင်လူမျိုးတွေကို သက်သေအထောက်အထားမရှိဘဲ ပုဒ်မအမျိုးမျိုးတပ် ဥပဒေမဲ့ဖမ်းဆီး၊ အချုပ်ခန်းတွေမှာ သတ်ဖြတ်အလောင်းဖျောက်တာတွေ လုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့လည်း ရေးသားထားပါတယ်။

လက်ရှိ ရခိုင်ဒေသနဲ့ မြန်မာနိုင်ငံမှာ စစ်ရေးအခြေအနေအရ AA ထိန်းချုပ်ထားတဲ့နယ်မြေတွေဟာ ရခိုင်ပြည်သူတွေအပြင် ဖိနှိပ်ခံပြည်သူတွေအတွက် အလုံခြုံဆုံးနယ်မြေတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

AA ဖမ်းဆီးထားတဲ့ သုံ့ပန်းတွေထဲမှာ ရခိုင်ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အမိန့်ပေးခဲ့တဲ့ စစ်ကောင်စီအရာရှိတစ်ချို့ ပါဝင်တာကြောင့် သူတို့ကို စစ်ခုံရုံးတင်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ သုံးလကျော်အတွင်း ရက္ခိုင့်တပ်တော် (AA) ဟာ ချင်းပြည်နယ် ပလက်ဝမြို့ အပါအဝင် ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနဲ့ တောင်ပြို စတဲ့ မြို့ ခုနစ်မြို့ကို သိမ်းယူထားပါတယ်။