စစ်ကောင်စီတပ်နဲ့ AAတို့ နေရာလေးခုမှာ တိုက်ပွဲပြင်းထန်နေကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက နေရာလေးနေရာမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သြဂုတ်လ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်က ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် စတဲ့နေရာသုံးခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ သြဂုတ်လ ၁၃ ရက်နေ့ကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃၇ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး လက်နက်ခဲယမ် းအများအပြားကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ AA က ပြောဆိုထားပါတယ်။

AA ဘက်ကလည်း သေဆုံးဒဏ်ရာရသူတချို့ရှိခဲ့ပြီး အရေအတွက်အတိအကျတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသအနှံ့ကို လက်နက်ခဲယမ်း၊ လူအင်အားတွေကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးတွေနဲ့ ပြောင်းရွှေ့နေတာတွေရှိပြီး တိုက်ပွဲတွေ ဒီထက်ပိုကျယ်ပြန့်လာနိုင်တယ်လို့လည်း AA က ပြောပါတယ်။

AA1.jpg
၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်များအား ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည့်ပုံ။

ရက္ခိုင့်တပ်တော် (AA) အနေနဲ့တော့ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတွေ၊ ထိုးစစ်တွေကို ညီနောင်မဟာမိတ် အဖွဲ့အစည်းတွေ၊ ပြည်သူလူတစ်ရပ်လုံးနဲ့ ဟန်ချက်ညီညီပူးပေါင်းပြန်လည်ခုခံတိုက်ခိုက်သွားမယ်လို့လည်း AA ကထုတ်ပြန်ထားပါတယ်။

အခုလို စစ်ကောင်စီတပ်နဲ့ရက္ခိုင့်တပ်တော် (AA) တို့ကြားမှာ ဒီလအတွင်း တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။