ရသေ့တောင်မြို့ကို AA အပြီးသတ်သိမ်းယူ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီလို့ မတ်လ ၁၇ ရက်နေ့ညမှာ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။

ရသေ့တောင်မြို့အခြေစိုက် ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၃၆)၊ ခမရ (၅၃၇)နဲ့ ခမရ (၅၃၈) တို့ကို မတ်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ AA က ဖော်ပြပါတယ်။

အဲဒီတပ်စခန်းတွေက စစ်ကောင်စီတပ်သား နှစ်ရာခန့်ဟာ စစ်သင်္ဘောတွေနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ AA က ဆိုပါတယ်။

တပ်စခန်းတွေမှာ စစ်ကောင်စီတပ်က စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတချို့ရဲ့ ရုပ်အလောင်းတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ တွေ့ရတယ်လို့ AA က ရေးသားထားပါတယ်။

အဲဒီတပ်ရင်း သုံးခုကို ရက္ခိုင့်တပ်တော် (AA) က နှစ်ပတ်ခန့် ထိုးစစ်ဆင်ခဲ့ရပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပစ်ကူတွေနဲ့ ခုခံခဲ့တဲ့အကြောင်း AA က ဖော်ပြထားပါတယ်။

ဘူးသီးတောင်မြို့နယ်က စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကို အပြီးသတ်သိမ်းယူသွားမယ်လို့လည်း AA က ဆိုထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာမှာတော့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရက္ခိုင့်တပ်တော် (AA) ဟာ လက်ရှိမှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းယူထားပါတယ်။