ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅ဝ တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်သိမ်းပိုက်ရာမှာ စစ်ဗျူဟာမှူးတစ်ဦးအပါအဝင် အရာရှိနဲ့ တပ်ဖွဲ့ဝင် အမြောက်အမြားအသေဖမ်းမိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ ခလရ (၂ဝ၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅ဝ) က ဗိုလ်မှူးစောထွေးအပါအဝင် တပ်ဖွဲ့ဝင်တွေကို အသေဖမ်းမိတာလို့ AA ရဲ့ မတ်လ ၅ ရက်နေ့ည ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ခမရ (၅၅၀) တပ်ရင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ ၁၃ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အပြီးသတ်သိမ်းနိုင်ခဲ့တာလို့ AA ကဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံတဲ့သူတွေကို ဖမ်းဆီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကိုလည်း ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။
စစ်ကူလာတဲ့ စစ်ကောင်စီသင်္ဘောသုံးစင်းကိုလည်း ဟန့်တားတိုက်ခိုက်နိုင်ခဲ့ပြီး အခုလက်ရှိ ပုဏ္ဏားကျွန်းမြို့တစ်မြို့လုံးကို သိမ်းပိုက်ထားနိုင်ပြီလို့လည်း AA ကပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
AA အနေနဲ့ ရခိုင်ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်ရေးအတွက် အခြားကျန်ရှိနေသေးတဲ့ မြို့တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲသုံးလကျော်အတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ တောင်ပြို၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ စုစုပေါင်းရှစ်မြို့နယ်ကို (AA) က သိမ်းပိုက်ထားပါတယ်။