အမ်းမှာ စစ်ကောင်စီတပ်ရင်းနှစ်ခုကို AA သိမ်းပိုက်
2024.10.25
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့က စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ-၃၇၂ နဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ AA နဲ့ နီးစပ်တဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့မှာတော့ ခမရ-၃၇၃ တပ်ရင်းနဲ့ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD) တပ်ရင်းအပါအဝင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးက တပ်ရင်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲနေတယ်လို့ အမ်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အခုတပ်ရင်းနှစ်ခုကို သိမ်းလိုက်ပြီလို့သိရတယ်။ စစ်ကောင်စီကလည်း တစ်ညလုံး လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ ဒီမနက်လည်း ဗုံးလာကြဲသေးတယ်။ အမ်းကိုက AA နဲ့ ပူးပေါင်းအဖွဲ့တွေက ဝိုင်းပြီး တိုက်နေတာ။ ခမရ-၃၇၃ တို့ COD တပ်ရင်းတို့မှာလည်း တိုက်ပွဲဖြစ်နေတယ်။ တခြားတပ်ရင်းနားတွေမှာလည်းဖြစ်နေတယ်။ AA က လက်နက်ကြီးနဲ့လည်း လှမ်းပစ်တာရှိတယ်"
အဲဒီတပ်ရင်းတွေဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တပ်ဆုပ်သွားတာဖြစ်ပြီး စစ်ကောင်စီအတွက် အရေးပါတဲ့ တပ်စခန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
တပ်ရင်းနှစ်ခုကို AA က သိမ်းပိုက်တယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ AA ဘက်ကရော အတည်ပြုပြောဆိုတာ မရှိသေးသလို နှစ်ဖက် ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ မဲတောင်ဗျူဟာနဲ့ တောဟိန်းတောင်ဗျူဟာကို AA က စတင်သိမ်းပိုက်ခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာ အချိန်တစ်နှစ်ခန့် ရှိနေပြီဖြစ်ပြီး ရခိုင်ပြည်နယ်က မြို့နယ်ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပါတယ်။