ရခိုင်ပြည်နယ် မြောက်ဦးမြို့ အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကနေ ခေါ်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦးကို ပြန်လွှတ်ဖို့ဆောင်ရွက်နေပြီး အဆင်ပြေရင် ဒီနေ့ပြန်လွှတ်မှာဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။
ဧပြီလ ၉ ရက်နေ့ ညကနေ ဧပြီလ ၁၀ ရက်နေ့မနက်အစောပိုင်းအထိ အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကို AA အဖွဲ့က အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီး ၃ ဦး၊ မိခင် ၁ ဦး၊ ကလေးသူငယ် အရွယ် ယောက်ျားလေး ၁ ဦးနဲ့ မိန်းကလေး ၂ ဦး စုစုပေါင်း ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ ဒီနေ့ရေးသားထားပါတယ်။
ရက္ခိုင့်တပ်မတော် AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ အဲဒီလူ ၇ ဦးကို ဖမ်းဆီးတာမဟုတ်ဘဲ အစိုးရတပ် က တိုက်လေယာဉ်သုံးပြီး တိုက်ခိုက်တဲ့အတွက် သူတို့ရဲ့အသက်အန္တရာယ်အတွက် လုံခြုံတဲ့နေရာဆီကို ကယ်ထုတ်သွားခဲ့တာ ဖြစ်တယ်လို့ပြောပါတယ်။
သူတို့ကို အမျိုးသမီးအဖွဲ့တွေ ဒါမှမဟုတ် ရပ်မိရပ်ဖတွေကနေတဆင့် ပြန်လည်အပ်နှံဖို့ ဆောင်ရွက်နေတယ် လို့လည်းပြောပါတယ်။