ရသေ့တောင်မြို့နယ်က စစ်ကောင်စီ စခန်းသုံးခုကို သိမ်းယူခဲ့ကြောင်း မြောက်ပိုင်းသုံးဖွဲ့ ထုတ်ပြန်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်သာစည်ရွာအနီးက စစ်ကောင်စီ တပ်စခန်းနဲ့ ထီးစွဲရွာအနီးက တပ်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA)က သိမ်းဆည်းထားတယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့ညမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ပေါက်တောနဲ့ မင်းပြားမြို့နယ်တွေမှာ AA နဲ့ စစ်ကောင်စီတို့အကြား မြို့တွင်းတိုက်ပွဲတွေ နေ့စဉ် ပုံမှန်ရှိနေပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့နေရာတွေအပြင် အရပ်သားတွေနေထိုင်ရာ‌ ကျေးရွာတွေကိုပါ လက်နက်ကြီးတွေသုံးကာ လေကြောင်းနဲ့ ရေကြောင်းကနေ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသတွင်းအခြေစိုက်မီဒီယာတချို့မှာတော့ ပေါက်တောနဲ့ မင်းပြားမြို့တွေကို AA က သိမ်းယူထားတယ်လို့ ရေးသားကြပါတယ်။

ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပေါက်တောမြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေ ရုပ်သိမ်းသွားတာကြောင့် AA က သိမ်းလိုက်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

"ပေါက်တောမှာတော့ စစ်ကောင်စီဘက်က ရုပ်သိမ်းသွားတယ်ဆိုတော့ ဖြစ်နိုင်ပါတယ်၊ မင်းပြားဘက်မှာတော့ အခုလည်း ပစ်သံတွေကြားနေရတယ်၊ မင်းပြားမှာတော့ တိုက်တုန်းပဲလို့ ထင်ပါတယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာ မတွေ့ပါဘူး။ ရခိုင်အခြေစိုက် စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပေါက်တောက တပ်တွေရုပ်သိမ်းသွားကြောင်းနဲ့ မင်းပြားမှာ စစ်ကူတွေပို့ပြီး တိုက်နေကြောင်း ရေးသားနေကြပါတယ်။

စစ်ကောင်စီနဲ့ AA တို့အကြား မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့နယ်တွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းတွေမှာ နှစ်ဖက် တိုက်ပွဲတွေပြင်းထန်နေပြီး အမ်းမြို့နယ်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီ စခန်းသိမ်းခံရတာ၊ အရပ်သားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်က စတင်ခဲ့တဲ့ ရခိုင်တိုက်ပွဲ နှစ်လအတွင်းမှာ အရပ်သား ၈၁ ဦး သေဆုံးခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော် (ULA/AA) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။