စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် လူတစ်ထောင်ကျော် သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

RFA Burmese
2024.07.04
စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် လူတစ်ထောင်ကျော် သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန် မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: Yay Lal Kyun News

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ တစ်ထောင်ကျော်ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အတွင်း အမျိုးသမီး (၃၄၈) ဦးနဲ့ အမျိုးသား (၇၂၈) ဦး စုစုပေါင်း (၁၀၇၆) ဦး သေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ဘာသာရေးကဏ္ဍက (၁၅) ဦးနဲ့ ပညာရေးကဏ္ဍက အယောက် ၃ဝ ပါဝင်ပါတယ်။

သေဆုံးမှုအများဆုံးက စစ်ကိုင်းတိုင်းထဲက ဖြစ်ပြီး ၃၁၃ ဦးသေဆုံးခဲ့ပါတယ်။ ဒုတိယအများဆုံးက ရခိုင်ပြည်နယ်က ဖြစ်ပြီး ၂၅၉ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၃၁၈ ဦးသေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၀၈ ဦးသေဆုံးခဲ့တယ်လို့လည်း AAPP က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့အထိ ပြည်သူ စုစုပေါင်း ၅၃၅၁ ဦး သေဆုံးခဲ့ကြောင်းနဲ့ အတည်မပြုနိုင်သေးတဲ့ သေဆုံးသူ နှစ်ထောင်ဝန်းကျင်ရှိနေတယ်လို့လည်း AAPP က ကောက်ယူထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။