စစ်အာဏာသိမ်း ကိုးလကျော်အတွင်း ခရစ်ယာန်ဘုရားကျောင်း ၃၀ နီးပါး ဖျက်ဆီးခံရ

2021.11.24
စစ်အာဏာသိမ်း ကိုးလကျော်အတွင်း ခရစ်ယာန်ဘုရားကျောင်း ၃၀ နီးပါး ဖျက်ဆီးခံရ ၂၀၂၁ မေလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ကြောင့် ကယန်းသာ(တောင်)ကျေးရွာက ကက်သလစ်ဘုရားကျောင်း ပျက်စီးသွားစဉ်
Photo: CJ

ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ  စစ်အာဏာသိမ်း ကိုးလကျော်ကာလအတွင်း စစ်တပ်ရဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှု တွေကြောင့် ချင်းပြည်နယ်မှာ ခရစ်ယန်ဘာသာရေး အဆောက်အအုံ ၂၂ ခု၊ ကယားပြည်နယ်မှာ ခုနစ်ခု စုစုပေါင်း ၃၉ ခု ရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကနေ နိုဝင်ဘာလအထိ သုံးလအတွင်း ချင်းပြည်နယ်မှာ ခရစ်ယန်ဘာသာရေး အဆောက်အအုံ အနည်းဆုံး ၂၂ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း က RFA ကို ပြောပါတယ်။

“ချင်းပြည်နယ်မှာ ဩဂုတ်လကနေ အခုချိန်အထိပေါ့နော် ဘာသာရေးအဆောက်အအုံ ဖျက်ဆီးတာ ၂၂ လောက် ရှိပြီ။ မီးရှို့ဖျက်ဆီးတာကတော့ ထန်တလန်မှာ ဘာသာရေးအဆောက်အအုံ ရှစ်ခုလောက် ဖြစ်နေပြီ။ ဖလမ်းဘက် ကျေးရွာတွေမှာ မီးရှို့ဖျက်ဆီးတဲ့ ဘုရားကျောင်းက တစ်ခုရှိတယ်။ ပြီးတော့ တခြားနေရာမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး၊ ပြီးတော့ သူတို့ကိုယ်တိုင်သွားပြီးတော့ အထဲက ပစ္စည်းတွေ လိုက်ဖျက်ဆီးတာမျိုး အများကြီး ရှိတယ်”

CHRO ရဲ့စာရင်းအရ ချင်းပြည်နယ်မှာ လေးလအတွင်း ထန်တလန်မြို့က အကြီးဆုံး နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေအပြင်  ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃၅၀ ကျော်လည်း ဖျက်ဆီးခံခဲ့ရပါတယ်။

နိုင်ငံတကာ ဥပဒေစည်းကမ်းတွေအရ  စစ်ပွဲတွေ ဘယ်လောက်ပဲ ဖြစ်ဖြစ် သာသာရေး အဆောက်အအုံတွေကို ထိခိုက်အောင် မလုပ်သင့်ဘူးလို့  ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ (CBC) ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒဲနစ်ငွန်ထောင်မှန် က ပြောပါတယ်။

“ဖလမ်းမြို့နယ်နဲ့ ထန်တလန်မြို့နယ်မှာ ဘုရားကျောင်း သုံးကျောင်းတော့ ပျက်စီးပြီး ပြာကျတယ်ပေါ့။ နောက်တစ်ကျောင်းလည်း မီးရှို့တယ်။ ရှို့ပေမယ့် အကုန်လုံးတော့ မလောင်ဘူးပေါ့။ ထန်တလန်မှာတင် အဲလို နှစ်ကျောင်းရှိတယ်။ နောက်ပြီး ကျည်ထိတာတို့ ဘာတို့ကတော့ ခုနကပြောသလိုပဲ စာရင်း အတိအကျတော့ မသိနိုင်သေးဘူး။ ဒါ အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ပေးရမယ့်အစား ဘယ်လောက်ပဲ အထိနာစေဆိုတဲ့ သဘောမျိုးကတော့ လုံး၀ မဖြစ်သင့်တဲ့အရာ၊ ဘာသာရေးတို့ ကျောင်းတို့ ကျန်းမာရေးတို့ ဆိုတာ အမှန်တကယ်တော့ အပြည်ပြည်ဆိုင်ရာ ဥပဒေစည်းကမ်းအရ ဆိုရင်လည်း အဲတာ မဖြစ်သင့်တဲ့ အရာပေါ့”

အခုလို အထိအခိုက် အပျက်အစီးတွေ ဆက်မဖြစ်အောင် ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ ဘာသာရေး ခေါင်းဆောင်တွေ အကြား ညှိနှိုင်းဆွေးနွေးနေတယ်လို့လည်း ဆရာတော် ဒဲနစ်ငွန်ထောင်မှန်က ပြောပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့စာရင်းအရ ကယားပြည်နယ်မှာလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခံရတဲ့ ခရစ်ယာန် ဘုရားကျောင်း ခုနစ်ကျောင်းရှိပါတယ်။

ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား ဖျက်ဆီးနေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်အပေါ် ရှုတ်ချတယ်လို့  လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကယားပြည်နယ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးက မိန့်ကြားပါတယ်။

“တိုက်ပွဲကလည်း ဘုရားကျောင်းတွေဘာတွေထဲ မဖြစ်နဲ့ကို သိသိသာသာ ရည်ရွယ်ချက်ရှိရှိနဲ့ကို တည့်တည့်မတ်မတ်ကို ပစ်တာလေ သူတို့က။ ဥူးပဇင်းတို့လည်း ကိုယ့်ဘာသာကိုထိရင်လည်း မကြိုက်ဘူးလေ။ အခြား ဘာသာကိုလည်း အခုလို စစ်ကောင်စီက စော်ကားတာကိုလည်း မကြိုက်ဘူး။ စိတ်ထဲလည်း စိတ်မချမ်းသာ ဘူးပေါ့လေ။ အများစုက ဘာသာရေးကျောင်းတွေထဲ ဝင်တယ်၊ ဖျက်ဆီးတယ်၊ တပ်စွဲတယ်၊ နောက်ပြီး မှန်တွေလည်း ရိုက်ခွဲ၊ ခုံတွေလည်း ရိုက်ချိုး၊ မယ်တော် ဟာတွေလည်း အကုန်လုံး လက်နက်ကြီးနဲ့ ထုတာရယ်၊ ဒီလို ဟာမျိုးကိုတော့ ရှုတ်ချတယ်။ မလုပ်သင့်မလုပ်ထိုက်တဲ့ ဟာတွေပေါ့လေ”

အခုလို နှစ်ဖက်တိုက်ပွဲတွေ ဖြစ်လာတဲ့အခါ ဘာသာရေး အဆောက်အအုံတွေဟာ လူသားတွေကို ကယ်ဆယ် ပေးရတဲ့ ယာယီ စစ်ဘေးကယ်ဆယ်ရေး စခန်းတွေ ဖြစ်လာပြီး၊ စစ်တပ်ဘက်ကလည်း ဘာသာရေး အဆောက်အအုံတွေကို ပစ်ခတ်တာအပြင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဒုက္ခရောက်နေရတယ်လို့လည်း ဆရာတော်က ဆက်လက်မိန့်ကြား ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးတာလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။

"ကျနော်တို့ ပြည်သူ့ရဲဘော်တွေက ဘုရားကျောင်း တွေကို ကာဗာယူပြီး ပစ်တာတွေ ဘာတွေ ကျနော်တို့ လုံးဝမရှိပါဘူး။"

ဒါပေမဲ့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ချင်းနဲ့ ကယား ပြည်နယ်က ခရစ်ယန်ဘာသာရေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာမျိုး ဘာတစ်ခုမှ မရှိဘူးလို့ တုံ့ပြန် ငြင်းဆိုပါတယ်။

“ကျနော်တို့ သတင်းလည်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဥပမာ ကယားပြည်နယ်မှာတောင် တချို့နေရာ တွေမှာ ဘာသာရေး အဆောက်အအုံတွေထဲမှာ အကြမ်းဖက်သမားများအနေနဲ့ အသွင်ယူခိုအောင်းပြီး လှုပ်ရှားနေတာမျိုးတွေဖြစ်ပါတယ်။ အဲလိုနေရာမျိုးတွေမှာ မလွှဲမရှောင်သာ တိုက်ပွဲဖြစ်ပွားခဲ့တာတော့ ရှိတယ်။ ကျနော်တို့အနေနဲ့ မည်သည့်ဘာသာရေးနဲ့ ပတ်သက်တဲ့ အဆောက်အအုံ မှန်သမျှကိုပဲဖြစ်ဖြစ် ပစ်ခတ်တာတို့ အကြမ်းဖက်ဆောင်ရွက်တာတို့ လုပ်လေ့လုပ်ထမရှိဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာ နှစ်ဖက်ပစ်ခတ်ကြတာပဲ။ နှစ်ဖက်ပစ်ခတ်ကြတဲ့ အထဲမှာတော့ မလွှဲမရှောင်သာ အဆောက်အအုံများ ပျက်စီးမှု၊ မလွှဲမရှောင်သာပဲ တချို့နေရာတွေမှာ ထိခိုက်မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်စရာလည်း အကြောင်းမရှိဘူးလို့ပဲ ကျနော်ပြောချင်ပါတယ်”

ဘာသာရေးအဆောက်အအုံတွေမှာ ခိုအောင်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို ပစ်ခတ်ရင်တော့ ဟန့်တားရမှာဖြစ်ပြီး၊ အဲလိုလုပ်ချိန်အတွင်း ထိခိုက်ပျက်စီးမှုဖြစ်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ကိုလည်း ပြန်လည်ပြုပြင်ပေးနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ဖွဲ့ဝင် တစ်ယောက်ကတော့ သူတို့အနေနဲ့ ဘုရားကျောင်းတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်တာ လုံးဝမလုပ်ဘူးလို့ RFA ကိုပြောပါတယ်။

“ကျနော်တို့ ဒီပြည်သူ့ရဲဘော်တွေဆိုတာ ကျနော်တို့ ဘာသာရေးကို မှိုင်းတိုက်နေတဲ့ ပြည်သူ့ရဲဘော်တွေ မဟုတ်ဘူး။ အဲဒါကြောင့် ကျနော်တို့ အဲလိုမလုပ်ဘူးဆိုတာ သက်သေပြနိုင်တယ်။ အားလုံးက စစ်အာဏာရှင်ကို မုန်းလို့ပဲ တိုက်နေကြတဲ့အချိန်မှာ ကျနော်တို့ ပြည်သူ့ရဲဘော်တွေက ဘုရားကျောင်း တွေကို ကာဗာယူပြီး ပစ်တာတွေ ဘာတွေ ကျနော်တို့ လုံးဝမရှိပါဘူး။ လုပ်လည်းမလုပ်ပါဘူး”

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ဘာသာရေး အဆောက်အအုံတွေအပေါ် ရည်ရွက်ချက်ရှိရှိ ဖျက်ဆီးနေတာတွေကို ကြည့်မနေကြဖို့လည်း အဲဒီ KNDF တပ်ဖွဲ့ဝင်က တိုက်တွန်း သွားပါတယ်။

chin church
(စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒီးမော့ဆိုမြို့က ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့စဉ်) Photo: PKPF

CHRO ရဲ့ ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်းဇာအုပ်လိန်း ကတော့ သူတို့အဖွဲ့အနေနဲ့ ဖျက်ဆီးခံရတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေရဲ့ စာရင်းအတိအကျကို ပြုစုပြီး ကုလသမဂ္ဂထံ တင်ပြထားသလို၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကလည်း ဒီလုပ်ရပ်တွေကို လူသိရှင်ကြား ထောက်ပြဝေဖန်ပေးဖို့ လိုအပ်တယ်လို့  RFA ကို ပြောပါတယ်။

“ကျနော်တို့ စုဆောင်းထားတဲ့ သတင်းတွေကို ကုလသမဂ္ဂရဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့် အထူးကိုယ်စားလှယ်ဆီမှာ တင်ပြထားတာ ရှိတယ်၊ ဒီလိုမျိုးလုပ်ရပ်တွေက ဂျီနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်ရာ ရောက်တယ်၊ သူတို့ကိုယ်တိုင် လက်မှတ်ရေးထိုထားတဲ့ NCA စာချုပ်ထဲမှာလည်း အဲတာတွေ က ရှောင်ရှားဖို့ တားမြစ် ထားတဲ့အချက်တွေမှာ ပါတယ်ဆိုတော့ သူတို့ ဒီလိုမျိုး ချိုးဖောက်ခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုတ်ချပေးဖို့ လိုတယ်”

လက်ရှိအချိန်အထိ ကယားပြည်နယ်ထဲမှာ ဖယ်ခုံဘုရားကျောင်း၊ ကယန်းသာယာ ဘုရားကျောင်း၊ ဒီးမော့ဆို စိန့်ဂျိုးဇက် ဘုရားကျောင်းနဲ့ ဒီးမော့ဆို နှစ်ခြင်းဘုရားကျောင်း၊ ဒေါငံခါး ငြိမ်းချမ်းရေးဘုရင်မ ဘုရားကျောင်း၊  ဖရူးဆိုဘုရားကျောင်းနဲ့ ၆ မိုင် ဘုရားကျောင်းတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပျက်ဆီးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာလည်း  ပြီးခဲ့တဲ့ အောက်တိုဘာ၂၉ ရက်နေ့က  ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် အိမ်ခြေ ၁၀၀ ကျော် စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲရာ ကနေ မီးစတင် လောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေကပြောပေမယ့် စစ်ကောင်စီဘက်ကတော့ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေကြောင့် မီးလောင်ပျက်ဆီးခဲ့တာဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲပြောဆို ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။