ဘားအံထောင်မှာ အကြမ်းဖက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၆၀ ခန့် ဒဏ်ရာရ

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က နိုင်ငံရေးအကျဉ်း သားနှစ်ဦး ထောင်ခြံစည်းရိုးကိုကျော်ပြီး လွတ်မြောက်သွားပြီးနောက် ကျန်ရှိနေတဲ့ အကျဉ်း သားတွေကို ထောင်အာဏာပိုင်တွေက နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေကြောင့် ဒဏ်ရာရနေတဲ့ အကျဉ်းသား အနည်းဆုံး ၆၀ ခန့် ရှိနေတယ်လို့ ဘားအံထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက RFA ကို ဒီနေ့ပြောပါတယ်။

အခန်းထဲမှာရှိနေတဲ့ အကျဉ်းသားတွေဟာ အခန်းအပြင်ကနေ နည်းလမ်းမျိုးစုံနဲ့ ပြုမူတာကို ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘားအံအကျဉ်းထောင်နဲ့ နီးစပ်သူတစ် ဦးက ပြောပါတယ်။

“ဒီနေ့ မနက် ၁၀ နာရီမှာလည်း အပြင်ကနေ ဝါးချွန် အရှည်တွေနဲ့ အထဲကို ဝိုင်းထိုးကြ တာ ကလေးတွေ အကုန် လဲကွဲကုန်ပြီ။ ဒဏ်ရာတွေနဲ့ သွေးတွေမှ မနည်းဘူးလို့ ပြော တယ်။ မနေ့ကတည်းက တစ်နေကုန် အစာဖြတ်ထားတယ်။ လုံးဝ ထမင်းမကျွေးဘူး။ မနေ့က ည ၈ နာရီခွဲလောက်ကလည်း အိပ်နေကြတဲ့အချိန်မှာ ပြတင်းပေါက်ကနေ ဝင်လာပြီးတော့မှ ကလေးတွေကို လျှပ်စစ်တုတ်တွေနဲ့ ရိုက်တယ်။ လေးခွတွေနဲ့ ပစ်တာက ကုန်းသီးတွေ ထည့်ပစ်တယ်လို့ ပြောတယ်။ အပြင်ကနေ သေနတ်တွေနဲ့ ဝိုင်းချိန်ထားတယ်”

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဘားအံထောင် ကြိုးကြာဆောင်မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်း သား ၂၀၀ ကျော်ထဲက နှစ်ဦးဟာ နေ့လယ်ပိုင်းမှာ ထောင်အုတ်ရိုးကို ကြိုးနဲ့ချိတ်ကျော် တက်ပြီး ထွက်ပြေးခဲ့ကြတာပါ။

ဒီအဖြစ်အပျက်ကို လှမ်းမြင်တဲ့ တာဝန်ကျထောင်ဝန်ထမ်းက မျှော်စင်မှာရှိတဲ့ လုံခြုံရေး ဝန်ထမ်းကို သေနတ်နဲ့ပစ်ခတ်ဖို့ အမိန့်ပေးခဲ့ရာမှာ ကျည်မထွက်တဲ့အတွက် ထွက်ပြေး လွတ်မြောက်သွားခဲ့ကြတာလို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

ဒီဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဘားအံထောင်ပိုင်အသစ် ဦးလှရွှေ ရောက်ရှိလာပြီး နိုင်ငံရေး အကျဉ်းသားတွေကို အေးအေးဆေးဆေးနေထိုင်ကြဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဇွန်လ ၆ ရက်နေ့မှာတော့ စစ်တပ်ရဲ့အမိန့်အရဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်ထားတဲ့ ကြိုးကြာဆောင်ကနေ ထောင်အတွင်းပိုင်းထဲက အဆောင်တစ်ခုကိုပြောင်း ဖို့ ထောင်အာဏာပိုင်တွေက ဖိအားပေးလာရာမှာ နိုင်ငံရေးအကျဉ်းသားတွေဘက်ကလည်း မပြောင်းနိုင်ဘူးလို့ ငြင်းဆိုတဲ့အတွက် အခြေအနေတွေ စတင်တင်းမာလာခဲ့တာလို့ အကျဉ်း ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေက ထောင်အတွင်းပိုင်းထဲကို မပြောင်းချင်တာက ထောင်ထဲ က ဆေးမှုနဲ့ ထောင်ကျသူတွေနဲ့ ပြဿနာတက်ထားတာ။ မင်းတို့ ၅၀၅ တွေ သတိထား။ ဆေးသမားတွေက ငါတို့မှာ လက်နက်အစုံရှိတယ်။ ကြိုက်တဲ့အချိန် ထိုးလို့ရတယ်။ ဗိုက်ပွင့်သွားမယ်ဆိုပြီး ခြိမ်းခြောက်ထားလို့ ပြဿနာတက်ပြီး အရင်ထောင်ပိုင်အဟောင်းက ကြိုးကြာဆောင်ကို ပြောင်းပေးခဲ့တာ။ အခုအခြေအနေမှာ ကလေးတွေက အဲဒီထဲကို ပြန်မသွားချင်ကြဘူး" လို့ ဘားအံထောင်နဲ့ နီးစပ်သူ နောက်ထပ်တစ်ဦးက ပြောပါတယ်။

ဇွန်လ ၇ ရက် မနေ့ကတော့ အကျဉ်းထောင်ထဲကို ထောင်အာဏာပိုင်တွေနဲ့အတူ စစ်သား တွေပါ ရောက်ရှိလာပြီး နိုင်ငံရေးအကျဉ်းသားတွေကို အင်အားသုံးရိုက်နှက် တရွတ်တိုက်ဆွဲ ခေါ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အရင် နေထိုင်ခဲ့ရတဲ့ ထောင်အတွင်းပိုင်းထဲက အဆောင် ဟောင်းကို ရွှေ့ပေးလိုက်တယ်လို့လည်း သူက ပြောပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် အကျဉ်းသား ၆၀ ထက်မနည်းဟာ လက်ကျိုး၊ နဖူးကွဲ၊ ပါးစပ်ကွဲ စတဲ့ ဒဏ်ရာတွေ အသီးသီး ရရှိခဲ့ကြတာဖြစ်ပြီး ဒီနေ့အထိ ဘယ်သူမှ ဆေးကုသခွင့်မရကြ သေးသလို ဇွန်လ ၈ ရက် ဒီနေ့မှာတော့ ထောင်ဝင်စာကိုပါ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ဘားအံအကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေကတော့ ဒီပြောဆိုချက်တွေအပေါ်မှာ ငြင်းဆိုလိုက်ပြီး ထောင်တွင်းအခြေအနေဟာ ပုံမှန်လည်ပတ်နေတယ်လို့ RFA ကို ပြောပါတယ်။

“ဘားအံထောင်မှာ ဆူပူနေတယ်ဆိုတာမျိုးက မဟုတ်ပါဘူး။ ပုံမှန်အခြေအနေပါပဲ။ သူ့ဟာနဲ့သူ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စည်းကမ်းထိန်းသိမ်းရေး သွားနေပါတယ်ခင်ဗျ”

ဘားအံထောင်ထဲကို ဝင်ထွက်ခွင့်ရတဲ့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကတော့ နိုင်ငံရေးအကျဉ်းသား နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ထောင်ဝန်ထမ်း တချို့ပါ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ RFA ကို ပြောပါတယ်။

“ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နောက်တစ်ရက်မှာတော့ တာဝန်ရှိတဲ့ လူကြီးတွေ လာစစ်တာ မျိုးရှိတယ်။ သူတို့ တာဝန်ကျတဲ့ ထောင်ဝန်ထမ်းတချို့လည်း အရေးယူခံရတယ်။ သူတို့ လည်း ပြန်ပြီးတော့ အဖမ်းခံရတဲ့သဘောပဲ။ ထောင်တွင်း အရေးယူမှုတွေရှိတယ်။ မနေ့ က ရုံးထုတ်တာလည်း နောက်ကျတယ်။ ရုံးထုတ်သွားတဲ့ ရဲတွေပါ ဝင်ရောက်ထိန်းသိမ်း နေရတယ်။ မြို့ပေါ် အခြေအနေကတော့ အေးအေးချမ်းချမ်းပဲ။ ငြိမ်နေတယ်။ ထွက်ပြေး သွားတဲ့သူတွေကတော့ ပြန်မမိဘူး”

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့ကလည်း ဘားအံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်း သား၊ အကျဉ်းသူ ၆၀ ကျော်ဟာ သွေးသစ္စာသီချင်းဆိုပြီး သံပုံးတွေတီးခဲ့ကြတာကြောင့် စစ်သားတွေရဲ့ ရိုက်နှက်မှုကိုခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်း ထောင်နဲ့ နီးစပ်သူ နောက်ထပ်တစ်ဦးက ပြောပါတယ်။

အဲဒီအဖြစ်အပျက်မှာလည်း အကျဉ်းသား လေးဦး အပြင်းအထန် ဒဏ်ရာရှိပြီး ၁၇ ဦး တိုက်ပိတ်ခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ ဖမ်းဆီးခံထားရသူပေါင်း ၁၀,၉၆၂ ဦးရှိပြီး အဲဒီအထဲက လူပေါင်း ၁၁၁၇ ဦးဟာ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရပါတယ်။