ဩစတေးလျရောက် မြန်မာ ကျောင်းသားတွေကို နေထိုင်ခွင့် ဗီဇာထုတ်ပေးဖို့ ပညာရှင်တွေတောင်းဆို

ဩစတေးလျနိုင်ငံမှာ ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေကို လူသားချင်းစာနာ ထောက်ထားတဲ့ နေထိုင်ခွင့် ဗီဇာတွေ ထုတ်ပေးဖို့ ဩစတေးလျပညာရှင်တွေ စုပေါင်းလက်မှတ်ထိုးပြီး ဗဟိုအစိုးရကို တောင်းဆိုလိုက်တယ်လို့ ဒီကနေ့ထုတ် New Mandala သတင်းစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကြောင့် ဒီကျောင်းသားတွေ အခုအချိန် အိမ်ပြန်ရင် အန္တရာယ်ရှိနိုင်တာမို့ ဩစတေးလျမှာ နေထိုင်ခွင့်ပေးဖို့ တောင်းဆိုတာလို့ ပညာရှင်တွေက ဆိုပါတယ်။
ဒီကျောင်းသားတွေဟာ ပြည်ပမှာနေရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
အခုမြန်မာပြည် မပြန်နိုင်ဖြစ်နေတဲ့ ကျောင်းသားတွေဟာ သြစတေးလျတက္ကသိုလ်တွေမှာ ပညာသင်ဆုရရှိပြီး ၂၀၂၀ခုနှစ်က ဘွဲရခဲ့သူတွေ ဖြစ်ကြပါတယ်။
သူတို့ဟာ ပညာသင်ဆုရပြီး ကျောင်းတက်ခဲ့တာကြောင့် ဘွဲ့ရပြီး မြန်မာနိုင်ငံကို မပြန်ရင် ရယူထားတဲ့ ပညာတော်သင် ထောက်ပံ့ကြေးကို ပြန်လည် ပေးလျော် ရမှာလည်း ဖြစ်ပါတယ်။
ဒီငွေပြန်ပေးလျော်ရမယ့် အချက်ကိုလည်း ဩစတေးလျဘက်က ပယ်ဖျက်ပေးဖို့ တောင်းဆိုချက်ထဲမှာ ပါပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာတော့ ဒီကျောင်းသားတွေကို ဩစတေးလျ ပြည်ထဲရေးဝန်ကြီးဌာနက သုံးလ နေထိုင်ခွင့် ဗီဇာတွေ ထုတ်ပေးခဲ့ပါတယ်။
အခုလက်ရှိမှာတော့ ဒီကျောင်းသားတွေဟာ နေထိုင်ခွင့် ဗီဇာသက်တမ်းကုန် ပတ်စပို့စ်တွေကို ကိုင်ဆောင်နေထိုင်နေရပါတယ်။
ကျောင်းသားတွေကို ဗီဇာထုတ်ပေးဖို့ လက်မှတ်ရေးထိုးတောင်းဆိုချက်ကို မြန်မာနိုင်ငံလေ့လာရေးသုတေသနအဖွဲ့ ညွှန်ကြားရေးမှူး သြစတေးလျ အမျိုးသားတက္ကသိုလ် ANU က တွဲဘက်ပါမောက္ခ Nick Cheesman ဦးဆောင်တင်သွင်းတာဖြစ်ပါတယ်။