တော်လှန်ရေးအရှိန်မြှင့်ပြီး အောင်ပွဲယူဖို့အချိန်ကောင်းဖြစ်ကြောင်း TNLA ပြော

RFA Burmese
2025.01.10
တော်လှန်ရေးအရှိန်မြှင့်ပြီး အောင်ပွဲယူဖို့အချိန်ကောင်းဖြစ်ကြောင်း TNLA ပြော ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှေ့တန်းစစ်မြေပြင်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA News

လက်ရှိအချိန်ဟာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေ တော်လှန်ရေးအရှိန်မြှင့်ပြီး အောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်လိုက်ပါတယ်။

TNLA ယာယီဌာနချုပ်မှာ ဇန်နဝါရီလ ၃ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်အစည်းအဝေး ထုတ်ပြန်ချက်မှာ အခုလိုတိုက်တွန်းလိုက်တာပါ။

ဖိအားတွေကြားက ရုန်းကန်နေကြရတဲ့ တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဟာ သမိုင်းတွင်မဲ့ ကျဆုံးမှုတွေဆက်တိုက်ကြုံတွေ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအစည်းအဝေးမှာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတိုက်ခိုက်နေတဲ့ တော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်တာ၊ TNLA ရဲ့ တစ်နှစ်တာလုပ်ငန်းတွေကို ပြန်လည်သုံးသပ်တာအပြင် ပြင်ဆင်အားဖြည့်တာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

TNLA ကို တပ်မဟာ ၉ ခုအဖြစ် တိုးချဲ့ဖွဲ့စည်းတာ၊ အုပ်ချုပ်ရေးလုပ်ငန်းတွေ အဆင်ပြေဖို့အတွက် မြို့ ၁၈ မြို့ကို ခရိုင် ငါးခုပြင်ဆင်ဖွဲ့စည်းတာတွေ လုပ်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀ ၂၇ စစ်ဆင်ရေးမှာ သိမ်းယူခဲ့တဲ့ မြို့ ၁၂ မြို့အပါအဝင် TNLA အခြေစိုက်တဲ့ နယ်မြေတွေမှာ တာဝန်ခံမှုရှိရှိနဲ့ ဦးဆောင်စီမံအုပ်ချုပ်သွားမှာဖြစ်ကြောင်းနဲ့ ဒေသခံတွေပါဝင်တဲ့ လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာဖို့ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်တွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နေရတာနဲ့ တရုတ်ရဲ့ ကြားဝင်စေ့စပ်တာတွေကြောင့် စစ်ကောင်စီတပ်နဲ့ ဆွေးနွေးမယ်လို့ TNLA က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။