ချင်းပြည်နယ် ပလက်ဝမြို့နယ် အဘောင်သား ကျေးရွာအနီးမှာ မေလ ၂၆ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲနဲ့ ဆက်နွှယ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဒေသခံနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြာထွန်းအောင် ဖမ်းခံထားရတာ ဖြစ်သလို ရွာသားနှစ်ဦး ဖြစ်တဲ့ ဦးချစ်စံနဲ့ ဦးကြာအောင်တို့ကတော့ နောက်နှစ်ရက် အကြာမှာ ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်သားတွေက ရွာထဲကိုဝင်ပြီး ရွာသားငါးယောက်ကို ခေါ်သွားတာ။ အဲဒီမှာ နှစ်ယောက်ကတော့ ပြန်လွတ်လာတယ်။ သူတို့သုံးယောက်ကတော့ အခုအချိန်ထိ ဖမ်းဆီးခံထားရတယ်။ သူတို့ကို ဘယ်မှာထားလဲ။ ဘာကြောင့် အခုအချိန်ထိ ပြန်မလွတ်သေးတာလဲ မသိရဘူး။ မိသားစုဝင်တွေကတော့ စိုးရိမ်နေကြတယ်”
ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က အဘောင်သားကျေးရွာနဲ့ နှစ်ဖာလုံလောက်အကွာမှာ ရက္ခိုင့် တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြ တာပါ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အဲဒီတိုက်ပွဲကြောင့် စစ်သည်အချို့ ကျဆုံးခဲ့ပြီး အေအေကိုလည်း အသိပေးတာတွေ၊ သတိပေးတာတွေ လုပ်ဆောင်ထားတယ် လို့ RFA ကို ပြောပါတယ်။
“ပလက်ဝဘက်မှာ လွန်ခဲ့တဲ့တစ်ပတ်က အဲဒီဘက်မှာရှိတဲ့ စခန်းတစ်ခုကနေပြီး သာမန် အုပ်ချုပ်မှုတစ်ခု ဆောင်ရွက်တာရှိတယ်။ အဲဒါကို အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာရှိ တယ်။ ကျနော်တို့ဘက်က စစ်သည်တချို့ ကျဆုံးဒဏ်ရာရခဲ့တာရှိတယ်။ ဒါနဲ့ ပတ်သက် ပြီး အေအေကို အသိပေးတာတွေ၊ သတိပေးတာတွေ ပြုလုပ်ထားပြီး ဖြစ်တယ်”
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဘယ်နှဦး ကျဆုံးတယ်ဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာ မရှိပါဘူး။ အခုလက်ရှိဖမ်းဆီးခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အရပ် သားနှစ်ဦး ကိစ္စနဲ့ ပတ်သက်လို့လည်း RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
တိုက်ပွဲဖြစ်ခဲ့တဲ့ အဲဒီကျေးရွာအနီးက တောင်တန်းတွေမှာ နှစ်ဖက်တပ်သားတွေ နေရာ ယူထားကြဆဲဖြစ်ပြီး ဒေသခံတွေကတော့ ကြောက်လန့်စိုးရိမ်နေကြတာကြောင့် အပြင် ကိုလည်း မသွားရဲကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာလည်း စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ မြေပြင်အခြေအနေမှာ စစ်ရေးတင်းမာနေကြပြီး ဒေသခံတွေကတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။