စစ်တပ်လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဆွီဒင်စွမ်းအင်ကုမ္ပဏီ AFRY မြန်မာပြည်က ထွက်ခွာ
2023.04.28
ဆွီဒင်နိုင်ငံအခြေစိုက် နာမည်ကျော် စွမ်းအင်ရေးရာကုမ္ပဏီတစ်ခုဖြစ်တဲ့ AFRY က မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းတွေမှာ သူတို့ကုမ္ပဏီရဲ့ ပါဝင်လုပ်ဆောင်နေမှုတွေကို ရပ်တန့်တော့မယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် မြန်မာနိုင်ငံရဲ့အခြေအနေတွေ တစ်နေ့တခြား ဆိုးဝါးလာနေတဲ့အတွက် အခုလိုရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
၁၈၉၅ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့တဲ့ AFRY ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတာ အနှစ် ၂ဝ ကျော်ပြီဖြစ်ပြီး ရေအားစွမ်းအင်စီမံကိန်း သုံးခုမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အနက် စီမံကိန်းတစ်ခုမှာ လက်ရှိ ပါဝင်နေတယ်လို့ သိရှိရပါတယ်။
ဒါပေမဲ့ အဲဒီစီမံကိန်းအားလုံးဟာ စစ်တပ်အာဏာမသိမ်းခင်က စာချုပ်ခဲ့တာဖြစ်ကြောင်းနဲ့ မိမိတို့ကုမ္ပဏီရဲ့ ပါဝင်ဆောင်ရွက်နေမှုတွေကို ပြန်လည်သုံးသပ်တဲ့အခါ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ထောက်ခံအားပေးရာရောက်နေသလားဆိုတာ စဉ်းစားခဲ့ကြောင်း၊ နောက်ဆုံးမှာတော့ မိမိတို့ကုမ္ပဏီအနေနဲ့ မည်သည့်လူ့အခွင့်အရေးချိုဖောက်မှုတွေကိုမှ ထောက်ခံအားပေးခြင်း မပြုဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း AFRY ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။