TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ ဗုံးကြဲတိုက်ခိုက်ခံရ
2024.09.05
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ဒေသ တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၃ ရက်ညမှာ လေကြောင်းကနေ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချတိုက်ခိုက်သွားတယ်လို့ TNLA က ပြောပါတယ်။
ပေါင်ငါးရာဗုံးတစ်လုံးက မန်တုံမြို့ထဲက လက်ဖက်စက်ရုံတစ်ရုံပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ၂၁ နှစ်အရွယ် မောင်သက်နိုင်လင်းဆိုသူ ထိခိုက်ဒဏ်ရာရသွားတယ်လို့ စက်တင်ဘာလ ၄ ရက်နေ့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နောက်တစ်လုံးက စစ်ကောင်တပ်ရဲ့ အမှတ် (၁၃၀) တပ်စခန်းဟောင်းအပေါ်ကို ကျရောက်ပေါက်ကွဲပြီး နေအိမ် ခြောက်လုံးထိခိုက် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ TNLA သိမ်းပိုက်ထားတဲ့ နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါနဲ့ မန်တုံမြို့နယ်တွေမှာ ပြည်သူတွေကို ထိခိုက်စေဖို့ရည်ရွယ်ပြီး မကြာခဏလေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA က ပြောပါတယ်။
အဲဒီမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဩဂုတ်လ တစ်လအတွင်း အရပ်သား ၂၇ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
TNLA ထိန်းချုပ်ဒေသမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံ သုံးသောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။