ဖာပွန်မှာ တစ်လအတွင်း တိုက်ပွဲ တစ်ရာကျော် ဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ် ဖာပွန် (မူတြော်) ခရိုင်မှာ ဇွန်လတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၁၂၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU မူတြော်ခရိုင်က ဇူလိုင်လ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်က လေကြာင်းနဲ့ ဗုံးဆန် ခြောက်ရာနီးပါး (၅၈၈ လုံး) ကြဲချခဲ့ပြီး ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးတယ်လို့ KNU က ဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လူခြောက်ဆယ် သေဆုံးပြီး၊ ၁၉ ဦး ဒဏ်ရာရခဲ့သလို KNLA ဘက် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာခဲ့တယ်လို့ ဆိုပါတယ်။ ဒီသေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

KNU ဖာပွန်ခရိုင်ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ မေလအတွင်းမှာတော့ တိုက်ပွဲ ၁၀၇ ကြိမ်ပွားပြီး လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီလအတွင်းမှတော့ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပေါင်ငါးရာဗုံး ၁၂ လုံးကြဲချခဲ့ပြီး ဇွန်လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေ ပိုများလာတာကို တွေ့ရပါတယ်။

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း တိုက်ပွဲတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော်ရှိလာတယ်လို့ KNU ဗဟိုက ဇွန်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။