လားရှိုးမြို့အနီး လေကြောင်းက ဗုံးကြဲလို့ တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

RFA Burmese
2024.07.20
လားရှိုးမြို့အနီး လေကြောင်းက ဗုံးကြဲလို့ တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီမြို့မစျေး လေကြောင်းဗုံးကြဲခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးကို ဇူလိုင်လ ၁၉ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား တစ်ဦးသေဆုံးပြီး နောက်ထပ်ငါးဦး ဒဏ်ရာရခဲ့သလို နေအိမ်တချို့လည်း ထိခိုက်ပျက်စီးတယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထုတ်ပြန်ပါတယ်။

ဒီနေ့မနက်မှာလည်း လားရှိုးမြို့အနီးတစ်၀ိုက်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး လားရှိုးမြို့ထဲမှာ ပိတ်မိနေသူတွေလည်းကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းကတော့ MNDAA ထိန်းချုပ်ရာ သိန္နီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးခြောက်လုံး ကြဲချခဲ့တာကြောင့် အရပ်သား ၁၅ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MNDAA ကတော့ ဇူလိုင်လ ၁၈ ရက်နေ့ ဗုံးကြဲခံရမှုမှာ အရပ်သား ရှစ်ဦးသေဆုံးပြီး နောက်ထပ်ရှစ်ဦး ဒဏ်ရာရထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၁၈ ရက်နေ့ကအထိ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေမှာ သေဆုံးတဲ့ အရပ်သား ၉၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၁ ဦးအထိ ရှိနေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။