နေပြည်တော်လေတပ် တိုက်ခိုက်ခံရမှု လူ ၁၇ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး
2024.07.22
နေပြည်တော်၊ လယ်ဝေးမြို့နယ် အေလာ လေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး လူ ၁၇ ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၂၂ ရက် ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်ပါတယ်။
ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့သူတွေလို့ စစ်ကောင်စီကစွပ်စွဲပြီး လယ်ဝေးမြို့နယ် ဟေမာန်ရွာက ကိုပြည့်ဖြိုးအောင်နဲ့ ကိုသက်ခိုင်ထွန်းတို့ကို စတင်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ဒီဖြစ်ရပ်နဲ့ဆက်စပ်သူ ၁၅ ဦးကိုလည်း ထပ်မံ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟေမန်ရွာခံ တစ်ဦးကတော့ ဖမ်းဆီးခံထားရသူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ သာမန်အရပ်သားတွေလို့ RFA ကို ပြောပါတယ်။
“သာမန်ရွာသားတွေပါဗျာ။ ရှော့တိုက်ဒုံးမပြောနဲ့၊ ရိုးရိုးသေနတ်တောင် မရှိကြပါဘူး။ စစ်ဆေးဖို့ဆိုပြီး ဖမ်းသွားတဲ့အထဲမှာ NLD ပါတီဝင်တွေတောင် ပါတယ်။ လွတ်တဲ့သူတွေလည်း လွတ်လာကြပါပြီ။ တချို့ကတော့ မလွတ်သေးဘူး။ စစ်ဆေးနေကြတုန်း”
စစ်ကောင်စီကတော့ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပြီးရင် ဖမ်းဆီးရမိသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။
နေပြည်တော်လေတပ်ကို တိုက်ခိုက်ခဲ့ကြတဲ့ တောင်တန်းသူရဲကောင်းများ ကာကွယ်ရေးတပ်ဖွဲ့ (MKCDF) ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ သူတို့တပ်ဖွဲ့ဝင်တွေ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ပြီး ဖမ်းဆီးခံရတာ မရှိဘူးလို့ RFA ကို ပြောပါတယ်။
“နေပြည်တော်က လေတပ်ကို တိုက်ခိုက်တာက ကျွန်တော်တို့ MKCDF နဲ့ MRF ပါ။ အဲဒီနေ့က ရှော့တိုက်ဒုံး ခုနစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ငါးလုံးအထိ အောင်အောင်မြင်မြင် ပစ်ခတ်နိုင်ခဲ့ပါတယ်။ ပါဝင်တဲ့သူအားလုံးလည်း ဘေးကင်းပါတယ်။ အခုစစ်ကောင်စီက ဖမ်းဆီးပြီး စစ်ဆေးနေတဲ့သူတွေက သာမန်ရွာသားတွေပါ၊ ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်မှ မပါပါဘူး”
ဒီတိုက်ခိုက်မှုကို ဇူလိုင် ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံးတယ်လို့ MKCDF ပြောထားပြီး စစ်ကောင်စီဘက်ကတော့ လူနဲ့အအောက်အအုံ ထိခိုက်မှုမရှိဘူးလို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ကလည်း အေလာ တပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ခုနစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်တန်းသူရဲကောင်းများ ကာကွယ်ရေးတပ်ဖွဲ့ (MKCDF) က ထုတ်ပြန်ထားပါတယ်။
ဧပြီ ၄ ရက်နေ့ကလည်း အေလာ လေတပ်နေရာအပါအဝင် နေပြည်တော်က စစ်ရုံးချုပ် (ကက - ကြည်း) တို့ကို အမျိုးသားညီညွတ်ဗရးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခံတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။