လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား သုံးဆယ်ခန့် သေဆုံးကြောင်း TNLA ပြော
2024.09.04
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ ကွတ်ခိုင်၊ သီပေါ၊ နောင်ချိုနဲ့ ကျောက်မဲမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဩဂုတ်လ တစ်လအတွင်း အရပ်သား ၂၇ ဦး သေဆုံးကြောင်း TNLA က စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ်လအတွင်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက တိုက်ပွဲမဖြစ်တဲ့မြို့တွေကိုပါ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေလုပ်တယ်လို့ TNLA က ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ခုနစ်ဆယ်လည်း ထိခိုက်ဒဏ်ရာရပြီး လူနေအဆောက်အအုံ၊ ဘာသာရေးကျောင်းနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခဲ့တယ်လို့ ဆိုပါတယ်။
သီပေါမြို့မှာ ဩဂုတ်လ တစ်လအတွင်း အရပ်သား ၂၁ ဦး သေဆုံးပြီး ၄၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ဒါဟာ သေဆုံး၊ ထိခိုက်မှု အများဆုံးဖြစ်ပါတယ်။
ဒီ့အပြင် နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ မိုးမိတ်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပြီး နောင်ချိုမြို့တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ရှစ်ဆယ်ခန့်လုပ်ပြီး လက်နက်ကြီး အလုံးပေါင်း ခြောက်ရာကျော် ပစ်ခတ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။
TNLA ထိန်းချုပ်ဒေသမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံ သုံးသောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။