ပဇီကြီးရွာ လေကြောင်း ထပ်တိုက်ခံရပြီး နေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီး
2023.04.21

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီ တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းကနေ ဗုံးခြောက်လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေဟာ တစ်နေကုန်နီးပါး မီးကူးစက်လောင်ကျွမ်းနေတာကို အဝေးကနေ လှမ်းမြင်ခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။
"မနေ့က ဂျက်ဖိုက်တာနဲ့ ရွာကို သုံးပတ် ပတ်တယ်။ ခြောက်လုံး ပစ်သွားတယ်။ ပစ်ပြီးလို့ မိနစ်၂၀ လောက်ကြာတော့ ရွာဘက်က မီးခိုးလုံးတွေ တန်းထွက်လာတာ တစ်နေကုန်ပဲ။ ဒီမနက် ၁၂ နာရီကျော်လောက်မှ မီးခိုတွေတက်တာ မတွေ့ရတော့ဘူး။ မီးလောင်ပျက်စီးတဲ့ အိမ်အရေအတွက်ကတော့ ခန့်မှန်းခြေ ၁၀၀ လောက်ရှိနိုင်ပါတယ်"
ဧပြီ ၁၁ ရက်နေ့ လေကြောင်းတိုက်ခိုက်မှု ပြီးကတည်းက ပဇီကြီးရွာက လူ ၆၀၀ ခန့်ဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာမှာ ထွက်ပြေးပုန်းရှောင်နေရတာပါ။
ရွာမှာကျန်ခဲ့တဲ့ သူတို့ရဲ့ နေအိမ်တွေ မီးလောင်နေတာကို ပုန်းရှောင်နေတဲ့ နေရာကနေသာ လှမ်းကြည့်နေခဲ့ရတာလို့ အဲဒီဒေသခံက ပြောပါတယ်။
အင်အား၂၀၀ နီးပါးရှိ စစ်ကြောင်းကလည်း ပဇီကြီးရွာထဲမှာပဲ အခြေချ တပ်စွဲထားတယ်လို့ သူက ဆိုပါတယ်။ အဲဒီစစ်ကြောင်းကလည်း ဒီနေ့ မနက်ပိုင်းမှာ ရွာအနီးကို လက်နက်ကြီး၊ လက်နက်ငယ် အချက် ၂၀ နီးပါးခန့် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေး ဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းမှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်း နှစ်ကြောင်းက တစ်ရွာဝင် တစ်ရွာထွက် ထိုးစစ်ဆင်နေတာကြောင့် ပဇီကြီးရွာအပါအဝင် ရွာရှစ်ရွာက ဒေသခံ ငါးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၁၉ ရက် စာရင်းအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်း ရှစ်သိန်းကျော် ရှိနေပါပြီ။